ပြည်နယ်အစိုးရ တင်ဒါစည်းကမ်း ဖောက်ဖျက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် စွပ်စွဲ

ပြည်နယ်အစိုးရ တင်ဒါစည်းကမ်း ဖောက်ဖျက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် စွပ်စွဲ

မွန်ပြည်နယ်အစိုးရအနေဖြင့် တင်ဒါစည်းကမ်း ဖောက်ဖျက်မှုများ ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။

ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က လွှတ်တော်တွင် မေးခွန်းထုတ်တင်ပြခြင်း ဖြစ်သည်။

“၁/၂၀၁၇ အရ သိန်း ၁၀၀ အောက်ဆိုရင် ဌာနတွေ လုပ်နိုင်ပါတယ်။ သိန်း ၁၀၀ အထက်ဆိုရင် တင်ဒါခေါ်ယူရမယ်။ ဒါပေမယ့် ဒီနေ့ထိလည်း သိန်း ၁၀၀ ကျော်တဲ့ဟာတွေ ပြည်နယ်က လုပ်နေတာတွေ ရှိနေတယ်။ ဒါတွေကို ဘယ်လို ထိန်းကျောင်းပေးမလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကိစ္စတွေကို အဂတိကော်မရှင်ထံ ပေးပို့ပြီးတော့ စစ်ဆေးဖို့ သင့်ပါတယ်” ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

၁/၂၀၁၇ ဆိုသည်မှာ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါ ခေါ်ယူခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ချက်ကို ရည်ရွယ်ခြင်းဖြစ်သည်။

သူ၏ တင်ပြချက်အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က အစိုးရအနေဖြင့် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှု မရှိကြောင်း ပြောသည်။

“လုပ်ငန်းသဘာဝအရသော်လည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ တင်ဒါ အကန့်အ သတ်ကြောင့်သော်လည်းကောင်း သက်ဆိုင်ရာဌာနအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို အဆိုပြုပြီးတော့ ဆောင်ရွက်နေတဲ့ လုပ်ငန်းအချို့ ရှိပါတယ်။ ဒီ လုပ်ငန်းအချို့ကလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့  သက်ဆိုင်ရာဌာနများကနေပြီးတော့ အချိန်မီ အရည်အသွေးပြည့်မီခြင်းရှိအောင် စိစစ်ပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်နယ်ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

သို့သော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ တင်ဒါရွေးချယ်ရေးပုံစံသည် အမှတ်ပေးစည်းမျဉ်းဖြင့် စနစ်တကျ ရွေးချယ်လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ဝန်ကြီးချုပ်၏ ကြီးကြပ်မှုဖြင့် ဝန်ကြီးချုပ် မှတ်ချက်ပေးသော ကုမ္ပဏီကိုသာ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြု ရွေးချယ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ် က ထောက်ပြဆွေးနွေးခဲ့သည်။

၎င်းအပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က တင်ဒါခေါ်  ဆောင်ရွက်ခဲ့သည့် အတ္ထရံမြစ်ရေတင်စီမံကိန်းနှင့် ပတ်သက်၍လည်း တင်ဒါဈေး အနည်းဆုံးဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်သည့် ကုမ္ပဏီကို မရွေးချယ်ဘဲ ကျပ် သိန်း ၃၅၀၀ ကျော် ကွာခြားသည့် ကုမ္ပဏီကို ရွေးချယ်ခဲ့သည့် ကိစ္စသည်လည်း လွှတ်တော်ထံ တိုင်ကြားမှုရှိနေသည်ဟု ကိုယ်စားလှယ်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မေးမြန်းခဲ့ရာ ထိုကိစ္စအပေါ်  မှတ်ချက်မပေးလိုကြောင်း ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ယမန်နှစ်၂၀၁၉ ကလည်း ဘတ်ဂျက်ကျပ်သန်း (၁၀၀၀) ဖြင့် အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ဘဲ Southern Myanmar Development Co.Ltd, အား လုပ်ငန်း ဆောင်ရွက်စေခဲ့သည့်ကိစ္စအပေါ် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ရှိခဲ့သလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံခဲ့ရခြင်းများ ရှိခဲ့သည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...