ရသေ့တောင်မြို့နယ် နေအိမ် မီးရှို့ခံရသည့် မိသားစုဝင်များ ကြီးစွာ အခက်ကြုံနေရ

ရသေ့တောင်မြို့နယ် နေအိမ် မီးရှို့ခံရသည့် မိသားစုဝင်များ ကြီးစွာ အခက်ကြုံနေရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းကျေးရွာမှ နေအိမ်မီးရှို့ခံခဲ့ရသည့် မိသားစုဝင်များမှာ အခက်အခဲ အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါကျေးရွာမှ နေအိမ် ၁၅ လုံး ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းက မီးရှို့ခံလိုက်ရသည့်အတွက် ပြာကျသည်အထိ ပျက်စီးသွားခဲ့ပြီး အလွန်တရာ အခက်အခဲဖြစ်ပေါ်နေသည်ဟု နေအိမ်မီးရှို့ခံလိုက်ရသူများက ပြောသည်။

“အိမ်က လုံးဝ ပြာကျသွားပါတယ်။ စပါးက တောင်း တစ်ထောင်လောက် ပါသွားပါတယ်။ အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ တစ်ခုမှ မကျန် ပါသွားပါပြီ။ စပါးလည်းပါ၊ အိမ်လည်းပါဆိုတော့ ဘယ်လို လုပ်ရတော့မလဲ မသိတော့ပါဘူး။ အဲဒီလို ဖြစ်တာကို ပြောရမယ်ဆိုရင် မကျေနပ်ပါဘူး။ ရွာကိုပြန်ရင်လည်း သူများအိမ်မှာ သွားကပ်နေရမလား မသိသေးပါဘူး” ဟု ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေါ်မသာအေးက နိရဥ္စရာသို့ ပြောသည်။

သမီးလှရွာဟောင်း ကျေးရွာသားများမှာ ကျေးရွာအနီး တပ်မတော်သားအချို့ ရောက်ရှိနေကြောင်း သတင်းရရှိ၍ ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ ရသေ့တောင်မြို့ပေါ်အပါအဝင် ငွေတောင်ကျေးရွာ၊ ခွဆုံကျေးရွာနှင့် ရက်ခုန်တိုင်ကျေးရွာများသို့ တိမ်းရှောင်ခဲ့စဉ် နောက်တစ်ရက်တွင် နေအိမ်များ မီးရှို့ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပြာကျသွားတဲ့ အိမ်တွေက အကုန်လုံး ပျဉ်ထောင် ပျဉ်စီထားတာပါ။ နောက်ထပ်ကျန်တဲ့ အိမ်တွေမှာလည်းပဲ လုံးဝ အိမ်ခေါင်မိုးတွေကို ထပ် မိုးရမယ့် အနေအထားရှိပါတယ်။ ကျွန်တော့်မှာ မီးရှို့တဲ့အထဲ ဆန်စပါးက တောင်း တစ်ထောင်ကျော် စပါးကျီထဲ ထည့်ထားတာရယ်၊ အဝတ်၊ အိုးခွက် အကုန်လုံးရှိသမျှ ပါသွားပါတယ်"ဟု အဆိုပါကျေးရွာမှ ဦးသိန်းထွန်းမောင်က နိရဥ္စရာသို့ ပြောသည်။

ဆက်လက်၍ ၎င်းက "ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ အခုစဉ်းစားနေကြပါတယ်။ အခုတော့ ရွာထဲမှာ စစ်သားတွေ မရှိတော့ပါဘူး။ ဘယ်လိုဆက်နေကြမလဲဆိုတာကို အခု ယူကြုံးမရ ဖြစ်နေပါပြီ။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့နေရာမှာ အိမ်မရှိတော့တဲ့ မိသားစုတွေ ငိုယိုပြီး ဖြစ်နေကြပါပြီ" ဟု ပြောသည်။

ယင်းအပြင် အဆိုပါကျေးရွာအတွင်း လက်နက်ကျည်ကျရောက်မှုကြောင့် နေအိမ်များအပါအဝင် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံများ၊ စာသင်ကျောင်းတို့လည်း ပျက်စီးသွားကြောင်း ဒေသခံ ဦးဦးလှကျော်က ပြောသည်။

“ကျွန်တော့်အိမ်ကတော့ ကျည်ဆံမှန်နေခဲ့တာက သုံးလေးလုံးလောက် ရှိနေခဲ့ပါတယ်။ အိမ်အောက်ရယ်၊ ပြတင်းပေါက်နား တစ်လုံးရယ်၊ အိမ်နောက်ဖေးဘက်က အခန်းရယ် မှန်သွားပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီး (ပထမတန်း) ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ထံ နိရဥ္စရာက ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ သဘောထားကိုလည်း သိလို၍ နိရဥ္စရာက ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရရှိခဲ့ပါ။

ရသေ့တောင်မြို့နယ် ပြိန်းတော ကုန်တန်းကျေးရွာမှ ဦးကျော်သိန်းချေနှင့် ဒေါ်အေးမြဇံတို့၏ နေအိမ်မှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးရခဲ့ကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...