အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် စနစ်မရှိသေးဟု နိုင်ငံရေးပါတီများ ပြောဆို

အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် စနစ်မရှိသေးဟု နိုင်ငံရေးပါတီများ ပြောဆို

မြတ်ဝင်းကျော် — လက်ရှိအစိုးရအပါအဝင် ခေတ်အဆက်ဆက် အစိုးရအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မည်ဟု ပြောဆိုနေကြသော်လည်း တည်ဆောက်မည့်စနစ် မရှိကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၀ ခန့်သည် ဇန်နဝါရီ ၂၀ ရက်မှ ၂၁ ရက်နေ့ထိ ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့သည်။

NLD အစိုးရတွင်မူ ယနေ့အချိန်ထိ ဖက်ဒရယ်စနစ်ရှိပုံမတွေ့ရှိရသေးဘဲ တိုင်ရင်းသားနိုင်ငံရေးပါတီများကိုလည်း ချပြခြင်းမရှိကြောင်း၊ ယင်းသို့ချပြမှသာ တိုင်းရင်းများ၏ ဖက်ဒရယ်စနစ်များနှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ကပြောသည်။

“ ပွင့်ပွင့်လင်းချပြရမယ်။ ဒါဟာ စစ်ရေးလျှို့ဝှက်ချက်တစ်ခုလည်း မဟုတ်ဘူး။ ကျနော့်အတွေ့အကြုံအရပြောရရင် ကျနော် လွှတ်တော်ထဲမှာ NLD ခေါင်းဆောင်တွေနဲ့လည်း စကားတော်တော်များ ပြောဖူးပါတယ်။ သူတို့က ဖက်ဒရယ်နဲ့ ပတ်သက်လို့ သိပ်စိတ်မဝင်စားဘူး” ဟု ၎င်းက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တစ်ခုတည်းနှင့် သွား၍မရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တို့ပါ တစ်ပြိုင်တည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်ထွန်းကလည်း “ခေတ်အဆက်ဆက်သော အစိုးရတွေက ဘယ်လို ဖက်ဒရယ်နဲ့သွားပါမယ်လို့ သူတို့ဆီမှာ မူမရှိဘူး။ အစိုးရအဆက်ဆက် ဖက်ဒရယ်နဲ့သွားပါမယ်လို့ ပြောဆိုမှုမရှိဘူး။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပြန်ကြည့်ရင် ၅၁ ချက်ပြန်ကြည့်ရင် ဖက်ဒရယ်ကို သွားပါမယ်လို့ ဘာတစ်ခုမှ မရှိသေးဘူး” ဟု ပြောသည်။

အဆိုပါ ဆွေး‌နွေးပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်လာနိုင်ရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည့် စနစ်များ စသည်ဖြင့် ကဏ္ဍအသီးသီးတို့ကို ဆွေး‌နွေးခဲ့ကြကြောင်း သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...