ခိုင်ရိုးလ — အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာသားတစ်ဦးကို စစ်တွေခရိုင်တရားရုံးက စွဲချက်မတင်ဘဲ ဇန်နဝါရီလ ၂၂ ရက်တွင် လွှတ်ပေးလိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က DMG သို့ပြောသည်။
အသက် (၅၀)နှစ်အရွယ် အိုးဖောက်(ခေါ်)ဦးမောင်စံသိန်းကို ကုန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့ကပင် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အပြစ်မရှိသည့်အတွက် စွဲချက်မတင်ဘဲ လွှတ်ပေးရန် ခရိုင်တရားရုံးက ယင်းနေ့ရုံးထုတ်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ အပြစ်မရှိတဲ့အတွက် စွဲချက်မတင်ဘဲ စစ်တွေခရိုင်တရားရုံးကနေ လွှတ်တဲ့အမိန့်ကို ချမှတ်လိုက်တာ” ဟု ဒေါ်အေးနုစိန်က ပြောသည်။
၎င်းကို အငူမော်ရှိ အဲလ်ရှားဝါးဇက်ဆိပ်ကမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နေအိမ်သို့ ရဲတပ်ဖွဲ့နှင့် တပ်မတော်က လာရောက်ကာ လက်လုပ်ဗုံးတွေ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၁(ဂ)၊ ၅၂ (က)တို့ဖြင့် အငူမော် ရဲစခန်းမှူးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။







