ဝင်းညွှန့် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က မော်တော်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တပ်မတော်က ထုတ်ပြန်သော်လည်း AA ဘက်က ငြင်းဆိုလိုက်သည်။
ရွှေကံ့ကော်ယာဉ်လိုင်းမှ ဝေပိုင်မိုင်း(ဘ)ဒုတိယအရာခံဗိုလ် ကျော်မိုး မောင်းနှင်လာသည့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ဟွန်ဒိုင်းအမျိုးအစားကို အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာ အနီးတွင် ဇန်နဝါရီ ၂၀ ရက် နံနက်၉ နာရီခန့်တွင် AA က မီးရှို့ဖျက်ဆီးခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။
ယင်းနေရာတွင် မိမိတို့တပ်ဖွဲ့ဝင်များမရှိကြောင်းနှင့် တပ်မတော်ဘက်က စွပ်စွဲထုတ်ပြန်ခြင်းသာဖြစ်သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တုန့်ပြန်သည်။
“အဲဒီကိစ္စနဲ့ကျနော်တို့ လုံးဝပတ်သက်မူမရှိဘူး။ ကျနော်တို့ဘက်က လုပ်စရာလည်းမရှိဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမ်းမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။







