ဖမ်းဆီးထားသည့် တပ်မတော်သား စစ်သုံ့ပန်းနှစ်ဦးကို ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဟု AA ပြော

ဖမ်းဆီးထားသည့် တပ်မတော်သား စစ်သုံ့ပန်းနှစ်ဦးကို ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဟု AA ပြော

ခိုင်ရိုးလ — ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးရမိထားသည့် တပ်မတော်သား စစ်သုံ့ပန်းများထဲမှ (၂) ဦးကို လူသားချင်း စာနာထောက်ထားမှုအရ မကြာမီရက်ပိုင်းအတွင်း အမြန်ဆုံးလွှတ်ပေးရန်စီစဉ်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG သို့ပြောသည်။

အသက်(၄၉)နှစ်အရွယ် တပ်ကြပ် ဦးမောင်ထွေးနှင့် အသက်(၅၃)နှစ်အရွယ် တပ်ကြပ် ဦးဇော်ဇော်တို့မှာ သက်ကြီးအရွယ်များဖြစ်ကြပြီး ကျန်းမာရေးမကောင်းသူများဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း အမြန်ဆုံးလွှတ်ပေးသွားရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

“ကျနော်တို့က သုံပန်းနှစ်ဦးကို လူသားချင်းစာနမှုအရ အသက်ကြီးနေပြီးတော့ ကျန်းမာရေးလည်း နည်းနည်းမကောင်းတဲ့အတွက် လွှတ်ပေးသွားမှာပါ။ ဘယ်နေ့၊ ဘယ်နေ့မှာ လွှတ်ပေးမယ်ဆိုတာကိုတော့ လုံခြုံရေးအခြေ အနေအရ ပြောလို့မရဘူး။ မကြာခင်မှာတော့ အမြန်ဆုံးလွှတ်ပေးဖို့စီစဉ်နေတာပါ” ဟု ခိုင်သုခဆိုသည်။

ယခုလွှတ်ပေးမည်ဆိုသော တပ်ကြပ်နှစ်ဦးမှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်နှင့် ငပုတောမြို့နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ပလက်ဝမြို့နယ် ပကာဝရွာ၏ အနောက်တောင်ဘက် ကာမေချောင်းအနောက်ဘက် တောင်တန်းပေါ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲမှ သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် တပ်မ ၇၇ လက်အောက်ခံ၊ မှော်ဘီအခြေစိုက် တပ်ရင်း(၃၁၃)က အရာရှိတစ်ဦး အပါဝင် တပ်ဖွဲ့ဝင် (၁၃)ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

ယင်းအပြင် နိုင်ငံရေးနှင့်ဆက်စပ်ပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထားသည့် အပြစ်မဲ့ ရခိုင်ပြည်သူများနှင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို လွှတ်ပေးမည်ဆိုပါက တိုက်ပွဲများနှင့် စစ်ဆင်ရေးဒေသအသီးသီးတို့မှ ဖမ်းဆီးရမိထားသည့် အစိုးရလက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုလည်း  ပြန်လွှတ်ပေးသွားမည်ဟု AA က ကမ်းလှမ်းလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံသို့ DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...