ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့လာရောက်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ ခရီးစဉ်ကို ဝမ်းမြောက်စွာကြိုဆိုသည်ဟု ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်ခဲ့သည်။
နှစ်ပေါင်း(၇၀)ကြာမြင့်ခဲ့ပြီဖြစ်သော “ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းချစ်ကြည်ရေး” ကို ယခုထက် ပိုမိုခိုင်မာပါစေကြောင်း၊ တရုတ်နိုင်ငံ၏ “ပိုးလမ်းမ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံလမ်း” စီမံကိန်းနှင့်ဆက်စပ်နေသော စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံထားသော ရခိုင်ဒေသအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည်ဖော်နိုင်ပါစေကြောင်း၊ ရခိုင်ဒေသအပေါ် ပထဝီနိုင်ငံရေးနှင့်သဟဇာတဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆိုင်သော မူဝါဒများနှင့် ဒေသခံရခိုင်လူထုများ၏ လူမှုဘဝနှင့်အကျိုးစီးပွားကို အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများ ချမှတ်နိုင်ပါစေကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အထမြောက်အောင်မြင်သည်အထိ ဆက်လက် ကူညီဆောင်ရွက်နိုင်ပါစေကြောင်းလည်း ဆန္ဒပြုထားသည်ကို တွေ့ရသည်။
AA သည် ရခိုင်လူထု၏ ထောက်ခံမှုကို အပြည့်အဝရရှိထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအား ကောင်းမွန်သော အနာဂတ်ခြေလှမ်းသစ် အစီအစဉ်များအဖြစ် အပြုသဘောဖြင့်ကြိုဆိုသည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း တရုတ်နိုင်ငံခြားရေးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း သည် ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့လာရောက်ခဲ့ကာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နှင့်တွေ့ဆုံခဲ့ပြီး ထိုးစစ်ဆင်မှုများ မပြုလုပ်ရန်နှင့် စစ်ပွဲလျှော့ချရန်ပြောကြားခဲ့သည်။







