ဒုက္ခသည်စခန်း အထက်တန်းလွန် ပညာရေးကျောင်းများ ထောက်ပံ့မှု အခက်အခဲရှိနေ

ဒုက္ခသည်စခန်း အထက်တန်းလွန် ပညာရေးကျောင်းများ ထောက်ပံ့မှု အခက်အခဲရှိနေ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း (၆)ခုခန့်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကစ၍ ယခုအချိန်ထိ အထက်တန်းလွန် ပညာရေး ကျောင်းများအတွက် ထောက်ပံ့မှု အခက်အခဲ ကြုံတွေ့နေရဆဲဟု ကရင်ဒုက္ခသည်ကော်မတီဆိုင်ရာ ပညာရေး အဖွဲ့ -KRCEE က ပြောသည်။

မြန်မာ ဒုက္ခသည်စခန်းများအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှု လျော့နည်းချခံရချိန်မှစ၍ ဒုက္ခသည် စခန်းတွင်းရှိ အဆင့်မြင့် ပညာရေး ကူညီထောက်ပံ့မှုများကို ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ကုန်မှစ၍ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု မရရှိတော့ဘဲ နိုင်ငံတကာရောက် ကရင်လူ့အဖွဲ့အစည်းများ၏ ထောက်ပံ့ မှုဖြင့်သာ ဆက်လက်ရပ်တည်နေရကြောင်း KRCEE ဒါရိုက်တာ နော်ဒေါ့ကပ်စ်မူး က ကေအိုင်စီသို့ပြောသည်။

၎င်းက “အကူအညီလို့ပြောရမယ်ဆိုရင် အဓိကအားဖြင့်တော့ ကျောင်းဆရာ၊ဆရာမ ထောက်ပံ့မှုပေါ့။ ပြောရ မယ်ဆိုရင် အဆင့်မြင့်ပညာရေးဖြစ်တဲ့ ဂျူနီယာ ကောလိပ် (Junior College) တွေအတွက်က ပြီးခဲ့တဲ့ နှစ်က စပြီး ဘာအကူအညီမှ မရတော့ဘူး။ Community တွေပဲရှိတယ်။ ဒါပေမဲ့ နည်းလမ်းတွေတော့ ရှာနေတုန်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပညာရေး အကူအညီပေးနေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် အခြေခံပညာရေးကျောင်းများ အတွက်ကို လာမည့်နှစ်အထိသာ ကူညီထောက်ပံ့မှု ရရှိတော့မည် ဖြစ်ပြီး အကယ်၍ ကူညီထောက်ပံ့မှု ဆက်လက်ရရှိပါကလည်း အပြည့်အဝ ရရှိတော့မည်မဟုတ်ကြောင်းလည်း နော်ဒေါ့ကပ်စ်မူးကဆက်ပြောသည်။

ယခင် ဒုက္ခသည်ပညာရေးအတွက် World Education၊ Child Dream အစရှိသည့် ပညာရေအဖွဲ့အစည်းများမှ ကူညီ ပံ့ပိုးပေးခြင်းဖြစ်သည်။ လက်ရှိတွင် ထောက်ပံ့မှု လျော့နည်းလာသည်နှင့်အမျှ အထက်တန်းလွန်ပညာရေး ကျောင်းများကို မြန်မာပြည်တွင်း နယ်စပ်သို့ ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ကစ၍ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ရပြီး အချို့သော ကျောင်းများကို ၂၀၁၄ ခုနှစ်ကတည်းက ကေအဲန်ယူ ထိန်းချုပ်နယ်မြေအချို့တွင် ပြန်လည်ပြောင်းရွှေ့ ခဲ့ရသည်ဟု KRCEE ကဆိုသည်။

အဆိုပါ ပြောင်းရွှေ့ခဲ့ရသည့် ကျောင်းများနှင့် ဒုက္ခသည်တွင်း ကျန်ရှိသည့် ကျောင်းများအတွက် ကုမ္ပဏီများ၊ တသီး ပုဂ္ဂလအလှူရှင်များ၊ ယခင် ကျောင်းသူ၊ ကျောင်းသားဟောင်းများနှင့် ပြည်ပရောက် တစ်ဦးချင်းအလှူရှင်များ၏ ထောက်ပံ့မှုများဖြင့်ရပ်တည်နေရကြောင်း သိရသည်။

“ ဒီလို အကူအညီလျော့နည်းလာတာနဲ့အမျှ ကျောင်းဆရာ၊ဆရာမတွေမှာ ပညာသင်ကြားခွင့် အခွင့်အရေးလည်း နည်းပါးလာသလို ကျောင်းသားတွေမှာလည်း ဆရာ၊ ဆရာမတွေ အလုံအလောက် မရှာပေးနိုင်တဲ့အခါကျတော့ ကျောင်းထွက်သွားတာတွေ အများကြီး ကြုံတွေ့ရတယ်” ဟု နော်ဒေါ့ကပ်စ်မူးက ဆိုသည်။

ကေအဲန်ယူ နယ်မြေနှင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများအပါအဝင် အထက်တန်းလွန် ပညာရေးကျောင်း (၁၀) ကျောင်းကျော်ရှိပြီး နှစ်စဉ် ကျောင်းသူ၊ကျောင်းသား ဦးရေ ၁,၀၀၀ ကျော်မွေးထုတ်ပေးလျက်ရှိသည်။

အဆိုပါ မွေးထုတ်ပေးလိုက်သော ကျောင်းသူ၊ကျောင်းသားများမှာ မြန်မာအစိုးရ၏ အသိအမှတ်ပြုခြင်း မခံရသည့်အတွက် သက်ဆိုင်ရာ ကေအဲန်ယူ ဌာနဆိုင်ရာများ၊ ကရင်လူမှုအဖွဲ့အစည်းနှင့် NGOs အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ် ကိုင်သူများရှိသလို အချို့မှာ နိုင်ငံခြား တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ ပညာတော်သင်အစီအစဉ်ဖြင့် ဆက်လက် ပညာသင်ယူလျက်ရှိသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...