နယ်လုံကန့်ကွက်စာအပေါ် JMC လမ်းကြောင်းဖြင့် ဖြေရှင်းသွားကြမည်ဟု KNU ပြော

နယ်လုံကန့်ကွက်စာအပေါ် JMC လမ်းကြောင်းဖြင့် ဖြေရှင်းသွားကြမည်ဟု KNU ပြော
ဇန်နဝါရီ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ကေအဲန်ယူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ အစည်းအဝေး (Photo_KNU)
ဇန်နဝါရီ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ကေအဲန်ယူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ အစည်းအဝေး (Photo_KNU)

တပ်သားသစ်စုဆောင်းသည်ဟုဆိုကာ ကရင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရေးရာဝန်ကြီးမှ လက်မှတ်ရေးထိုး ကန့်ကွက်စာပေးပို့ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ-JMC လမ်းကြောင်းအတိုင်းသာ ဖြေရှင်းသွားကြမည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံး၏ လှိုင်းဘွဲမြို့နယ် အတွင်းရေးမှူး ပဒိုစောအယ်ထီးကော်က ကေအိုင်စီသို့ ပြောသည်။

ဇန်နဝါရီလ ၁၃ ရက် နေ့စွဲဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရေးရာဝန်ကြီးရုံးမှ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်မှ လက်မှတ်ရေးထိုးကာ JMC-S ထံ ကန့်ကွက်စာများပေးပို့အပြီး ပဒိုစောအယ်ထီးကော်က ယနေ့(ဇန်နဝါရီ ၁၅ ရက်)တွင် ယခုလို ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

“KNU လှိုင်းဘွဲ့မြို့နယ်အနေနဲ့ ဘာမှ ထွေထွေထူးထူးပြောစရာမလိုဘူး။ ဒီကိစ္စဟာ ခရိုင်၊ တပ်မဟာတွေရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တဲ့ ကိစ္စပဲလေ။ ကျနော်တို့အထက်က လူကြီးတွေ အထူးသဖြင့် JMC က လူကြီးတွေရဲ့ သဘောထား အပေါ်မှာပဲ မူတည်တယ်။ ခါတိုင်းလည်း သူတို့ ဒီလိုမျိုးပဲ နယ်လုံဝန်ကြီးအပါအဝင် JMC က လူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေး သွားကြတာပါပဲ” ဟု ပြောသည်။

ကန့်ကွက်အကြောင်းကြားစာထဲတွင် ဇန်နဝါရီ ၇ ရက်နေ့က KNU၊ လှိုင်းဘွဲမြို့နယ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးဆောင် သည့်အဖွဲ့သည် နယ်မြေရှိကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံအပြီး တပ်သားသစ်များပေးပို့ရန် ပါရှိသည့်အပေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်-NCAကို ချိုးဖောက်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကန့်ကွက်ကြောင်း ပါရှိသည်။

KNU တွင် လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် ဖွဲ့စည်းထားသည့် လက်နက်ကိုင် တပ်ဖွဲ့များအပြင် တရားရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ သတ္တု၊ စည်းရုံးရေး နှင့်ပြန်ကြားရေးစသည်ဖြင့် စနစ်တကျဖွဲ့စည်း ထားသည့် ဌာန ၁၄ ခုရှိသည်ဟု သိရသည်။

ထို့အပြင် ၎င်းကန့်ကွက်အကြောင်းကြားစာထဲတွင် အဓိကထည့်သွင်းကန့်ကွက်ထားသည့် KNU မှ တပ်သား သစ်စုဆောင်း သည်ဟုပါရှိသော်လည်း KNU အနေဖြင့် ၎င်းအဖွဲ့အစည်းလက်အောက်တွင် ဖွဲ့စည်းထားရှိသည့် ဌာနများ၏ ဝန်ထမ်းလို အပ်ချက်အရ ပြုလုပ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်းလည်း ပဒိုစောအယ်ထီးကော်က ယခုလို ဖြည့်စွက်ပြောသည်။

“တပ်သားသစ်စုဆောင်းတာတော့မဟုတ်ဘူး။ တစ်ဖက်က ပြန်ကြည့်ရင် KNU မှာ ဌာနတွေအများကြီးရှိတယ်။ အနှစ် ၇၀ ကျော် တော်လှန်ရေးမှာ ဝန်ထမ်းတွေအများကြီး လျော့နည်းသွားတာတွေရှိတယ်။ ထို့အတူ ကျနော်တို့ဌာနမှာ ဝန်ထမ်းလို အပ်မှုတွေ အများကြီးရှိတာကို ပြန်လည် ဖြည့်ဆည်းသွားတာပဲလေ။” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ကေအဲန်ယူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ အစည်းအဝေးတွင် ယမန်နှစ် ဆုံးဖြတ် ချက်များကို ပြန်လည်ဆွေးနွေးခြင်း၊ နှစ်စဉ် ကူညီထောက်ပံ့မှု၊ အိမ်ထောင်စုစာရင်း၊ အင်အားအသစ်၊ လယ်ခွန် ယာခွန် အကြောင်းများ ပြန်လည်ဆွေးနွေးကြသည်ဟု သိရသည်။

၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း စာချုပ်ပါအချက်များကို ချိုးဖောက်သည်ဟုဆိုကာ KNU နှင့်ပြည် နယ်အစိုးရအဖွဲ့ လုံနယ်တို့မှ JMC-S ထံ အပြန်အလှန်ကန့်ကွက်အကြောင်းကြားစာပေးပို့မှု မကြာခဏဖြစ်ပေါ်ခဲ့ဖူးသည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...