“ကရင်ဘာသာနဲ့ ကျန်းမာရေး အသိပညာများကို ဝေမျှပေးနေသူ စောအဲရှူးခေါင်”

“ကရင်ဘာသာနဲ့ ကျန်းမာရေး အသိပညာများကို ဝေမျှပေးနေသူ စောအဲရှူးခေါင်”
Photo: Eh Sue Kaw FB
Photo: Eh Sue Kaw FB

တိုးတက်ပြောင်းလဲလာနေတဲ့ နည်းပညာများစွာထဲမှ လူမှုကွန်ယက်(Social Media) ဟာ ယနေ့ခေတ် တွင်တွင် ကျယ်ကျယ်အသုံးပြုမှုများလာနေတဲ့ နည်းပညာများထဲမှာတစ်ခုအပါအဝင် ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ လူမှုကွန်ယက်ကို လူသားတွေအနေနဲ့ ဘာသာစကားအမျိုးမျိုး ရည်ရွယ်ချက်၊ ရည်မှန်းချက် အမျိုးမျိုးနဲ့ အသုံး ပြုနေကြပါပြီ။

ထို့အတူ တိုးတက်လာတဲ့ နည်းပညာဂယက်ကြောင့် မိမိတို့ကရင်လူမျိုးများဟာလည်း အများနည်းတူ လူမှုကွန် ယက်(Social Media)ကို ထိတွေ့ခွင့်ရလာတဲ့အတွက် အသုံးပြုမှုများလည်း တဖြည်းဖြည်းများပြား လာနေပြီဖြစ် ပါတယ်။

အများနည်းတူ ရည်ရွယ်ချက်ကိုယ်စီနဲ့ လူမှုကွန်ယက်ကို အသုံးပြုနေကြပေမယ့် ကျန်းမာရေး ဆိုင်ရာအသိ ပညာတွေကို ကရင်စာ၊ စကားတွေနဲ့ လူမှုကွန်ယက်နေတစ်ဆင့်မျှဝေပေးနေသူကတော့ မရှိသလောက် ရှားပါး နေဆဲပါ။

အဲဒီအထဲကမှ ရှားရှားပါးပါး ကရင်စာ၊ ကရင်စကားနဲ့ ကျန်းမာရေး အသိပညာတွေကို ဝေမျှပေးနေသူကတော့ အသက် ၂၄ နှစ်အရွယ် ကရင်လူငယ်စောအဲရှူးခေါင်(စဝ်အဲယှူးခါန်.)ပဲဖြစ်ပါတယ်။ လက်ရှိ ကနေဒါ(Canada) နိုင်ငံက သူနာပြုကျောင်းမှာ နောက်ဆုံးနှစ်(စတုတ္ထနှစ်)တက်ရောက်နေသူဖြစ်သလို သူတတ်ထားတဲ့ အတတ် ပညာနဲ့ Facebook မှာ ‘ပု်ဏင့်ဆာ.ဍေ ပု်ဆု်အှ်ဆံင်းအှ်ခုာင့်’ (our body and our health)ဆိုတဲ့ Page ကနေ တင်ဆက်နေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

စောအဲရှူးခေါင်က “မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကျနော်တို့လူထုတော်တော်များများက ကျန်းမာ ရေးနဲ့ ပတ်သက်လို့ သိပ်မသိကြပါဘူး။ ကျန်းမာရေး အသိပညာရပ်တွေကို ဗမာစာ၊ အင်္ဂလိပ်စာနဲ့ ထုတ်ထား တာရှိပေမယ့်လည်း ဗမာလို အင်္ဂလိပ်လို သေချာ နားမလည် ဖတ်မတတ်တဲ့ ကရင်လူမျိုးတွေဟာ ကမ္ဘာအနှံ့ အပြားမှာ အများကြီးရှိနေတဲ့အတွက် ကျန်းမာရေး အသိပညာတွေ ကျယ်ပြန့်လာအောင် ဝေမျှပေးချင်တာပါ။ တချို့ရောဂါတွေက မသေသင့်ဘဲ သေခဲ့ရတာတွေရှိတယ်။ အဲဒီ ရောဂါတွေရဲ့ အကြောင်းကို သိလို့ရှိရင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ။ ဘာတွေကို ရှောင်ရမလဲသိလာမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

စောအဲရှူးခေါင်ကိုတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာမှာနေထိုင်တဲ့ အဖေဖြစ်သူ မန်းမောင်လားအွာ(လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကကွယ်လွန်)နဲ့ နန်းမေရင်တို့ရဲ့သားသမီး ၈ ယောက်ရှိတဲ့အထဲ ၆ ယောက်မြောက်သားလည်းဖြစ်ပါတယ်။

ရွာမှာ စတုတ္ထတန်း(၄ တန်း)အထိ ပညာသင်ကြားခဲ့ပြီးတဲ့နောက် ထိုင်းနယ်စပ်၊ အုန်းဖျန်ဒုက္ခသည်စခန်း မှာ ဖွင့်လှစ်တဲ့ အထက်တန်းကျောင်းမှာ ၂၀၀၉ ခုနှစ် အထိတက်ရောက်ခဲ့ပြီး၂၀၁၀ ခုနှစ် ဆယ်တန်း အောင်မြင်ပြီး ချိန်မှာတော့ ထိုင်းနယ်စပ်၊ မဲဆောက်မြို့မှာရှိတဲ့ မင်းမဟော်အထက်တန်းကျောင်းမှာ ပညာဆက်လက် သင်ယူခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာ သူတတ်ထားတဲ့ ပညာနဲ့ အုန်းဖျန်ဒုက္ခသည်စခန်းက အဌမတန်း (ရှစ်တန်း)ကျောင်း သားတွေကို သချာင်္ ဘာသာ၊ ဒသမတန်း(ဆယ်တန်း)ကလေးတွေကို ကွန်ပျူတာပညာတွေ သင်ကြား ပို့ချပေး ခဲ့ပြီးနောက် ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ် နှစ်လယ်အထိ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

ရည်မှန်းချက်ရှိသူ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အမြဲကြိုးစားနေသူတစ်ယောက်အတွက် အခွင့် အ ရေးတစ်ရပ်ပေါ်ပေါက်လာပါတော့တယ်။ အဲဒါကတော့ ကနေဒါနိုင်ငံက ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်း တစ်ခုရဲ့ အကူအညီနဲ့ အဲဒီနိုင်ငံမှာရှိတဲ့ သူနာပြုကျောင်းကို တက်ရောက်ခွင့်ရရေး စောအဲရှူးခေါင် တစ်ယောက် ကျောင်းဝင်ခွင့်လျှောက်ရာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။

“ဒုက္ခသည်မှာနေကတည်းက ဆရာဝန်(ဒေါက်တာ)ဖြစ်ချင်ခဲ့တယ်။ ဒုက္ခသည်ပညာရေးက ဆေးကျောင်း တက်ဖို့ အခွင့်အရေးမရှိဘူးဖြစ်နေခဲ့တဲ့ အခြေအနေရှိခဲ့တယ်” လို့ စောအဲရှူးခေါင်က သူ့ရည်မှန်းချက်နဲ့ ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲအချို့ကို ပြန်လည်ပြောပြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ ကျောင်းပြီးတဲ့ လူငယ်တစ်ယောက်အနေနဲ့ သူရရှိခဲ့တဲ့အောင်လက်မှတ်တွေကို မြန်မာ အစိုးရရော နိုင်ငံတကာကပါ ဆေးကျောင်း(တက္ကသိုလ်)တက်ဖို့ အသိအမှတ်မပြုပေမဲ့ ရည်မှန်းချက် အတိုင်း အဆင့်ဆင့်တက်လှမ်းသွားနိုင်ဖို့ အားမလျှော့တမ်း ကြိုးစားနေပါတယ်လို့ သူက အခုလို ပြောပါတယ်။

“ဒေါက်တာဖြစ်ဖို့ ရည်မှန်းချက်ရှိပေမဲ့လည်း ကနေဒါမှာ Undergraduate ၄ နှစ်တက်ပြီးမှ (Medical School) ဆေးကျောင်းကို ပြန်လျှောက်လို့ရတယ်။ ရရှိထားတဲ့အောင်လက်မှတ်က ဒေါက်တာဖြစ်ဖို့ လိုအပ်ချက်ရှိနေတဲ့ အတွက် အဆင်ပြေတဲ့ တစ်နေ့နေ့မှာ ဆေးကျောင်းဆက်တက်ဖို့ ရည်မှန်းထားတယ်။ သူနာပြုနဲ့ ကျောင်းပြီး ပေမယ့် ကျန်းမာရေးဘက် လုပ်နေတာဖြစ်တဲ့အတွက် ဝါသနာနဲ့ ထပ်တူတော့ ကျပါတယ်” လို့ဆိုပါတယ်။

ကရင်(ပိုး၊ စကော)၊ ထိုင်း၊ အင်္ဂလိပ်၊ ဗမာ ဘာသာစကားတွေကို တတ်မြောက်ထားတဲ့ စောအဲရှူးခေါင် အနေနဲ့ လက်ရှိ ‘ပု်ဏင့်ဆာ.ဍေ ပု်ဆု်အှ်ဆံင်းအှ်ခုာင့်’ Facebook Pageမှာ ကင်ဆာရောဂါအမျိုးမျိုး၊ ဆီးချိုသွေးချို၊ စိတ် ဓာတ်ကျ စတဲ့ ရောဂါအမျိုးမျိုးတို့ရဲ့ ဖြစ်ပေါ်ရတဲ့အကြောင်းအရင်း၊ ဆောင်ရန်၊ ရှောင်ရန် အကြောင်း အရာ တွေကို ကရင်ဘာသာနဲ့ရှင်းပြပြောပြ အသိပညာပေးနေတာလည်းဖြစ်ပါတယ်။

နွေရာသီကရင်စာပေသင်တန်းမှာ ၂၀၀၂ ခုနှစ် ကနေ ၂၀၀၆ ခုနှစ်အထိ လေးတန်း(လိက်လီ.ဆင့်)အဆင့်လေ့ လာသင်ကြားတတ်မြောက်ခဲ့ပြီး ဒီလိုကျန်းမာရေးဆိုင်ရာ အသိပညာတွေကို မျှဝေပေးနေပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကရင်ဝေါဟာရအခေါ်အဝေါ်တွေ ရှားပါးတာကလည်း သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

“ခု Facebook မှာ တင်ဆက်နေတာကလည်း ကျန်းမာရေးအပိုင်းနဲ့ ပတ်သက်တဲ့ ဝေါဟာရ (Medical terms) က အရမ်းပြောရခက်လို့ အခက်အခဲအများကြီးရှိနေပါတယ်။ အဲဒီဝေါဟာရတွေက အင်္ဂလိပ်လို ရှိပေမဲ့ ကရင်လို မရှိတာတွေ အများကြီးပါ။ မရှိတာတွေကို ရှိလာအောင် ကျနော် ဝေါဟာရတွေ စုဆောင်းထားပါတယ်”

အချိန်ပြည့်ကျောင်းတက်ရတဲ့အပြင် ရှင်သန်ရပ်တည်ရေးအတွက် အချိန်ပိုဆင်းအလုပ်လုပ်ရင်း ရုန်းကန် နေ ရ သူအဖို့ ဝါသနာပါတဲ့ ကျန်းမာရေး အသိပညာတွေကို တစ်လမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ မျှဝေပေး နိုင်တဲ့ အတွက် အားမလိုအားမရဖြစ်မိတယ်လို့လည်း သူကဆိုပါတယ်။

စောအဲရှူးခေါင် တစ်ယောက်ရည်မှန်းချက်တွေ အောင်မြင်ဖို့ အခွင့်အလမ်းပိုရှိတဲ့ ကနေဒါမှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်ချက်ထားပေမယ့် နှစ်တွေကြာလာတဲ့နောက်ပိုင်း ကရင်ပြည်နယ်က ကျန်းမာရေးလုပ်ငန်းတွေမှာ ပြန် လည်လုပ်ကိုင် ကူညီဆောင်ရွက်သွားဖို့နဲ့ ငွေကြေးမပြည့်စုံလို့ ကျောင်းဆက်မတက်နိုင်သူတွေအတွက် ကျောင်း ဆက်တက်ခွင့်ရအောင် ကူညီဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

“မိဘ ငွေကြေးမတတ်နိုင်တာ ဖြစ်ဖြစ်၊ မိမိကိုယ်တိုင်ကလည်း စိတ်ဓာတ်ကျတာဖြစ်ဖြစ် အဲဒီလိုမျိုး အရှုံးမပေး ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အခွင့်အရေးရရှိပုံချင်းမတူကြပါဘူး။ ကိုယ် ဘယ်နေရာမှာပဲ ရောက် နေရောက်နေ အခွင့်အရေး ရရှိလာတဲ့ အပေါ်မှာ ကြိုးစားသွား၊ တဖြည်းဖြည်းလုပ်သွားကိုင်သွားရင် ရည်မှန်း ထားတဲ့ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကရင်လူငယ်တွေကို အကြံပြုလိုတာက စာများများဖတ်ကြပါ။ ကျန်းမာရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ် လေ့လာမှတ်သား၊ မသိတာရှိရင်လည်း သိတဲ့လူဆီမှာ သင်ယူသွားကြဖို့ ပြောချင်ပါတယ်” လို့ စောအဲရှူးခေါင် တစ်ယောက် ဘဝနဲ့ရင်းနှီးခဲ့ရတဲ့အသိတွေကို ကရင် လူငယ်တွေအတွက် အခုလိုပဲ စကားလက်ဆောင်ပါးလိုက်ပါတယ်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...