ပလက်၀ နယ်အတွင်း AA က ဖမ်းဆီးသွားသူ သုံးဦး သေဆုံး၊ ၁၃၀ ကျော် ဖမ်းဆီးခံရဟုဆို

ပလက်၀ နယ်အတွင်း AA က ဖမ်းဆီးသွားသူ သုံးဦး သေဆုံး၊ ၁၃၀ ကျော် ဖမ်းဆီးခံရဟုဆို
AA အဖွဲ့ ဖမ်းဆီးခံရပြီး သေဆုံးသွားသည့် ကျောင်းဆရာ ဦးအာဗေလ ရုပ်အလောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ- Khumiland News (fb)
AA အဖွဲ့ ဖမ်းဆီးခံရပြီး သေဆုံးသွားသည့် ကျောင်းဆရာ ဦးအာဗေလ ရုပ်အလောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ- Khumiland News (fb)

ချမ်းငြိမ်း — ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးခေါ်ဆောင်သွားသော ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆီဖလောင်းကျေးရွာနေသူ သုံးဦး သေဆုံးသွားကြောင်းနှင့် ကျီးလေ ကျေးရွာသား ၁၃၀ ကျော်ကိုလည်း ဇန်နဝါရီ ၁၀ ရက် ည တွင် AA က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသတွင်းမှလာသော သတင်းအရင်းအမြစ်များအရ သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့က AA က ဖမ်းဆီးသွားခဲ့သည့် အသက် ၅၅ နှစ်အရွယ် ကျောင်းဆရာ ဦးအာဗေလနှင့် ကျေးရွာသားနှစ်ဦး သေဆုံးသွားသည်ကို သိရှိရကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ပါရှိသည်။

လွန်ခဲ့သည့်တစ်ပတ်ခန့်မှစ၍ ပလက်ဝမြို့၏မြောက်ဘက်ရှိ ကျီးလေကျေးရွာတွင် AA တပ်ဖွဲ့က ဝင်ရောက်အခြေပြုခဲ့သည်ဟု ပါရှိသည်။  

ကျေးရွာသူတစ်ဦးကို “ လက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးစားလာသဖြင့် ကျေးရွာလူကြီးမိဘများက ကန့်ကွက်တားဆီးသည်ကို အကြောင်းပြုကာ ကျေးရွာရှိတာဝန်ရှိလူကြီးများအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း၊ လူငယ်များအား ကျေးရွာရှေ့ကုလားတန်မြစ်နံဘေးတွင် နေပူထဲ ချုပ်နှောင်ထားခြင်း” ပြုလုပ်သည်ဟုလည်း KACC ၏ ကြေညာချက်တွင် ပါရှိသည်။

KACC မှ ညှိနှိုင်းရေးမှူး ဦးစောမြက “ ကျီးလေရွာက ရွာသားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရတယ်။ အခြေအနေက တော်တော်ကို စိုးရိမ်ရတဲ့ အခြေအနေပါ”ဟု မဇ္ဈိမသို့ ပြောသည်။

ချင်းပြည်နယ် အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကလည်း “ ပလက်ဝမြိုပနယ် ကျီးလေကျေးရွာမှ ရွာသား ၁၃၀ ကျော်ကို မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။” ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ပလက်ဝမြို့ပေါ် အခြေအနေ မတည်မငြိမ်ဖြစ်နေသည်ဟု ဝန်ကြီးဟောင်းက ပြည်နယ်၏ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဟောင်းက ရေးသည်။

ကျီးလေရွာဘက်တွင် AA တပ်ဖွဲ့ဝင် ရာနှင့်ချီ လှုပ်ရှားနေသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကလည်း မဇ္ဈိမသို့ အတည်ပြု ပြောသည်။

AA အဖွဲ့သို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပါ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ်အတွင်း လူဦးရေ ခြောက်သောင်းငါးထောင်ခန့် နေထိုင်ရာ အများစုမှာ ခူမီးချင်းလူမျိုးများဖြစ်ပြီး ရခိုင်နှင့် အိန္ဒိယနွယ်ဝင်တို့လည်း ရှိသည်။

AA သည် ပလက်ဝမြို့နယ်အတွင်းတွင် ၂၀၁၅ ခုနှစ်က စတင်၍ အခြေစိုက်ကာ စစ်ရေးလှုပ်ရှားလျက်ရှိပြီး တပ်မတော်နှင့် တိုက်ပွဲများ ယနေ့ချိန်ထိ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

လက်ရှိအချိန်အထိ AA ၏ ဖမ်းဆီးထားခြင်းခံရသူများတွင် ပလက်ဝမြို့နယ် အမှတ်(၁၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် ပွီပုန်းကျေးရွာက ပညာရေးဝန်ထမ်း ဦးတောင်ပိုင်တို့ ပါဝင်သည်။

တပ်မတော်နှင့် AA ကြား တိုက်ပွဲများသည် ၂၀၁၅ ခုနှစ်ကတည်းက စတင်၍ မကြာခဏ ဖြစ်ပွားလာခဲ့သော် လည်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက စတင်ကာ ယနေ့ထိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေသော တိုက်ပွဲများသည် ပိုမို ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာခဲ့ကြောင်း ဒေသခံများက ဆိုကြ သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...