ကျောက်တော်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦးနှင့် ကျောင်းသားနှစ်ဦးဒဏ်ရာရ

ကျောက်တော်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦးနှင့် ကျောင်းသားနှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ရုပ်သားကျေးရွာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့  နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦးနှင့် ကျောင်းသားနှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်ခြံဝင်းထဲတွင် ပြီးခဲ့သည့်လပိုင်းက တပ်မတော်သားများနေထိုင်ခဲ့သောကြောင့် ၎င်းတို့တွင်ကျန်ရှိလိုက်သည့် နို့ဘူးခွံများ၊ ပလတ်စတစ် စသည့် အမှိုက်များကို မီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ယင်းသို့ ထိခိုက်ဒဏ်ရာရရှိသွားကြခြင်းဟု ဒဏ်ရာရကလေးငယ်များ၏ ဖခင် ဦးမောင်ထွီးအောင်က ပြောသည်။

“ကျနော်တို့မိသားစုက စစ်သားတွေစားသုံးခဲ့တဲ့ နို့ဘူးခွံတွေ၊ ပလတ်စတစ် စတဲ့အမှိုက်တွေကို သိမ်းပြီးတော့ မီးရှို့ တာ။ အဲဒီမှာ အောက်မှာ ဗုံးရှိလား၊ လက်နက်ကျည်တွေရှိလားတော့ မသိဘူး။ မီးပုံကနေ ပေါက်ကွဲသွားတာ” ဟု ၎င်းက DMG သို့ပြောသည်။

တပ်မတော်သားများ ယာယီနေထိုင်ခဲ့သည့် နေရာများတွင် လက်နက်ခဲယမ်းများ ထားရှိခြင်းများမရှိဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“အဲဒီလို မရှိပါဘူး။ အဲဒါက AA ကနေခဲ့ပြီးတော့ မိုင်းတွေဘာတွေ ထောင်သွားတယ်လို့ပြောတယ်။ ရွာသားတွေက လှမ်းပြီးတိုင်ထားတာတွေရှိတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်ရာတွင် မိမိတို့ လက်ချက်မဟုတ်ကြောင်း ပြောသည်။

“ အခုရုပ်သားရွာဘက်မှာ ဖြစ်သွားတဲ့ကိစ္စကတော့ ဗမာစစ်တပ်တည်းခိုခဲ့တဲ့ နေရာကနေတစ်ဆင့် ပေါက်ကွဲတာဖြစ်တယ်။ ဗမာစစ်တပ်က ရောက်တဲ့နေရာမှာ သူတို့လုံခြုံရေးအတွက် ကင်းစောင့်မိုင်းတွေ ထောင်တာရှိတယ်။ သူတို့ပြန်သွားတဲ့အခါမှာ မိုင်းတွေ၊ လက်နက်ကျည်တွေကို စွန့်ထားခဲ့တာတွေရှိတယ်။ ဒီလို မိုင်းတွေကို ဗရမ်းပတာထောင်တဲ့အတွက် ပြည်သူတွေ ထိခိုက်နေတာ” ဟု ခိုင်သုခက ဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် ဒေါ်အောင်မဦး (အသက် ၆၅ နှစ်)မှာ ယာဘက်ဒူးအောက်တွင် ဒဏ်ရာရရှိသွားပြီး မောင်ကျော်သူစိုး (အသက် ၁၀ နှစ်)မှာ ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိသွားသည်။ မောင်အောင်မြတ်သူ (အသက် ၉ နှစ်)မှာ ဘယ်ဘက်နားရွက်၊ ပေါင်နှင့်ခန္ဓာကိုယ်တို့တွင် ဒဏ်ရာရရှိသွားသည်။

ထိုသို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး “ အခုဟာက ကိုယ့်အိမ်ထဲမှာနေထိုင်ရင်း မလုံခြုံတဲ့ အခြေနေမျိုးကတော့ စိုးရိမ်စရာတွေဖြစ်နေတယ်။ လူထုတွေ၊ အများပြည်သူတွေနေထိုင်တဲ့ နေရာတွေမှာ မိုင်းတွေ၊ လက်နက်ခဲယမ်းတွေ မထားသင့်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်တာကာလတွင် ကျည်ဆံထိမှန်မှု၊ မိုင်းထိမှန်မှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား (၁၀၀)ကျော်သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀၀) ခန့်ရှိသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...