ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်တို့တွင် အင်တာနက်လိုင်း အမြန်ဆုံး ပြန်လည်ဖွင့်ပေးရေးအတွက် လူထုလက်မှတ်များကောက်ခံကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြတောင်းဆိုသွားမည်ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု ဆောင်ရွက်နေသည့် အသံအဖွဲ့အမှုဆောင်ဒါရိုက်တာ ကိုမောင်ဆောင်းခ က DMG သို့ ပြောသည်။
လက်မှတ်များကို ကောက်ခံနေဆဲဖြစ်ကာ လာမည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သမ္မတအပြင် ပြည်ထောင်စုလွှတ်တော်သို့လည်း တင်ပြသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
“လက်မှတ်တွေ အခု စကောက်နေတုန်းဆိုတော့ ကျနော်တို့ဆန္ဒပြပွဲတစ်ရက်မှာ စကောက်တာ လက်မှတ် (၁၅၀) ရတယ်။ ကျန်တာကတော့ အခြားအရပ်ဖက်အဖွဲ့အစည်းတွေကို အကူညီတောင်းပြီးတော့ ထပ်ကောက်ခိုင်းထားတာတွေရှိတယ်။ ကျနော်တို့အနေနဲ့ လက်မှတ်တစ်ထောင်လောက်ရမယ်လို့လည်း မျှော်မှန်းထားပါတယ်။ လက်မှတ်တွေကောက်ခံပြီးသွားလို့ သက်ဆိုင်ရာကိုတင်ပြပြီးသွားရင်လည်း ဒီတိုင်းပစ်ထားမှာမဟုတ်ပါဘူး။ နောက်ထပ် ၁၅ ရက်လောက် စောင့်ကြည့်သွားအုန်းမှာပါ” ဟု ကိုမောင်ဆောင်းခ က ဆိုသည်။
ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်ကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် အစိုးရက ကြိုတင်အသိပေးခြင်းမရှိဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် မြို့နယ် (၅)မြို့နယ်ကို အင်တာနက်အသုံးပြုခွင့်ပေးခဲ့သော်လည်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် အင်တာနက်ဆက်လက် ဖြတ်တောက်ထားဆဲဖြစ်သည်။
အစိုးရက အင်တာနက်ဖြတ်တောက်မှုကို နိုင်ငံတော်လုံခြုံရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အဆိုပါဒေသတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပဋိပက္ခဖြစ်ပွားမှုကို လျှော့ချရာတွင် အထောက်အကူပြုသည်ဆိုသည့် အထောက်အထားမတွေ့ရှိရသေးဟု အသံအဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများက ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ရခိုင်ပြည်နယ်တွင် အင်တာနက် အမြန်ဆုံးဖွင့်လှစ်ပေးရန် ကြေငြာချက်ထုတ်ပြန် တောင်းဆိုခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ရန်ကုန်မြို့တွင် အသံအဖွဲ့က ဦးဆောင်ကာ အင်တာနက်ပြန်ဖွင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများသည် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ဒေသများဖြစ်ကာ စစ်ဘေးရှောင်ဒုက္ခသည်များလည်း များစွာရှိသည်။
အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ပြည်သူများ သတင်းအချက်အလက်သိရှိပိုင်ခွင့် ဆုံးရှုံးသွားပြီး စီးပွားရေး၊ ပညာရေး၊ ဆက်သွယ်ရေး ကိစ္စများတွင် အခက်အခဲဖြစ်ပေါ်နေသည်။
<><><>
ရခိုင်တွင် အင်တာနက်လိုင်းပြန်ဖွင့်ရန် အသံအဖွဲ့က ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ (ဓာတ်ပုံ - မြတ်ဝင်းကျော်)







