ကရင်လူငယ်မူဝါဒရေးဆွဲနိုင်ရေး တစ်နိုင်ငံလုံး ကရင်လူငယ်တွေ့ဆုံပွဲတွင် ချမှတ် ဆုံးဖြတ်

ကရင်လူငယ်မူဝါဒရေးဆွဲနိုင်ရေး တစ်နိုင်ငံလုံး ကရင်လူငယ်တွေ့ဆုံပွဲတွင် ချမှတ် ဆုံးဖြတ်

ကရင်လူငယ်ကွန်ရက်-KYN ၏ ရှေ့လုပ်ငန်းစဉ်များတွင် တစ်နိုင်ငံလုံးရှိကရင်လူငယ်များအားကိုယ်စားပြုနိုင်သည့်် ကရင်လူငယ်မူဝါဒတစ်ခုရေးဆွဲသွားရန်ကိုဒီဇင်ဘာလ ၂၀ရက်နေ့က ကျင်းပပြီးစီးသွားခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာကရင်လူငယ်တွေ့ဆုံပွဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်ဟုသိရသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ဒီဇင်ဘာလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ အဆိုပါတွေ့ဆုံပွဲကိုကျင်းပခဲ့ကြရာပြည်နယ်၊ တိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိဒေသအသီးသီးမှ ကရင်လူငယ်များတက်ရောက်ဆွေးနွေးခဲ့ကြပြီးယခုကဲ့သို့မူတစ်ခုဖော်ဆောင်ရန်ချမှတ်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအမျိုးသားအဆင့် ကရင်လူငယ်အဖွဲ့ချိတ်ဆက်မှု တာဝန်ခံသူတစ်ဦးဖြစ်သူစဧရာဝင်းက “တချို့ကလူမျိုးစွဲဝါဒစွဲပြောကောင်းပြောလိမ့်မယ်။လူမျိုးတစ်မျိုးမှာဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတွေ အသီးသီးရှိတဲ့အခါကျတော့ လွှမ်းခြုံပြီးယေဘုယျဆန်တဲ့ သဘောသဘာဝတွေ မူဝါဒတစ်ခုတည်း ရေးလို့မရဘူး။ကျနော်တို့ကရင်တွေကလည်းမတူညီတဲ့ဒေသမျိုးနွယ်စုတွေရှိတော့ အားလုံးကိုအတူတကွ ရေးဆွဲမယ်။ ဖြစ်သလိုရေးတာမဟုတ်ဘဲ မဟာဗျူဟာကျကျ သေသေချာချာ ရေးဆွဲဖို့ ဒီပွဲမှာ မူအရ ချမှတ်တာဖြစ်တယ်”ဟုကေအိုင်စီသို့ ပြောသည်။

ကရင်လူငယ်ကွန်ရက်၏ ရှေ့လုပ်ငန်းစဉ်များတွင် ကရင်လူငယ်မူဝါဒရေးဆွဲရေးအပြင်နိုင်ငံရေးလုပ်ငန်းစဉ်တွင် လူငယ်များအနေနှင့် ကျရာအခန်းကဏ္ဍတွင်ပါဝင်ဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် လူငယ်စွမ်းရည်မြှင့်တင်သည့် အခန်းကဏ္ဍများကိုကရင်လူငယ်ကွန်ရက်မှ တစိုက်မတ်မတ်ဆောင်ရွက်ရန်မူချမှတ်ထားမှုများရှိသည်ဟု စဧရာဝင်းက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါကရင်လူငယ်တွေ့ဆုံပွဲတွင်မွန်၊ကရင်၊ကရင်နီ(ကယား)ပြည်နယ်များ၊တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသ ကြီးများ၊ အထက်မြန်မာပြည်နှင့်နယ်စပ်ဒေသကိုယ်စားပြု စသည်ဖြင့်ဒေသအသီးသီးမှ ကရင်လူငယ် ၃၀၀ကျော်တက်ရောက် ပြီးကရင်လူငယ်များချိတ်ဆက်မှုပိုမိုအားကောင်းလာစေရေး၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုသိလာစေရေးအပြင် ကရင်လူငယ်ကွန်ရက်၏လုပ်ငန်းစဉ်များပြန်လည်သုံးသပ်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးမှကရင်လူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် နန့်ချောစုခင်က “ကျမတို့ဒီပွဲမှာတက်ရောက်တာတစ်ယောက်နဲ့တစ်ယောက်မတူညီကြဘူး။တချို့ကနိုင်ငံရေး၊ ငြိမ်းချမ်းရေးအခြေအနေတွေကိုသိတဲ့လူငယ်တွေရှိသလိုမသိတဲ့လူငယ်တွေလည်းရှိတယ်။ ကျမတို့အနေနဲ့ကအတွေ့အကြုံလာယူသေးတဲ့ အဆင့်ပဲရှိပါသေးတယ်။ဒီလိုမျိုးလူငယ်များများတွေ့ဆုံပြီးမကြာခဏတွေ့ဆုံဆွေးနွေးပေးနိုင်ကြရင်ရှေ့ဆက်လုပ်ငန်းစဉ်တွေကိုအကောင်းဆုံးလုပ်ဆောင်သွားနိုင်မယ်လို့ကျမထင်ပါတယ်။”ဟုကေအိုင်စီသို့ပြောသည်။

သုံးရက်တာကျင်းပသည့် ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေများအပါအဝင်လာမည့် ၂၀၂၀ ကရင်အမျိုးသား နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီးကရင်နိုင်ငံရေးပါတီများဖြစ်သည့် KNP, KPP, PSDP, KNDP ပါတီများမှ လာရောက်ရှင်းလင်းခြင်းနှင့် ကရင်စာသင်ကြားပေးသည့်အခြေနေများကိုလည်းဆွေးနွေးခဲ့ကြသည်။

ကျင်းပပြုလုပ်ခဲ့သည့် ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲကိုကရင်လူငယ်ကွန်ယက်-KYN က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီးတိုင်းနှင့်ပြည်နယ်အသီးသီးရှိဒေသအလိုက် ကရင်လူငယ်ကွန်ယက် ချိတ်ဆက်တာဝန်ခံများနှင့် တစ်နိုင်ငံလုံးအဆင့် ကရင်လူငယ်ကွန်ရက် ချိတ်ဆက်တာဝန်ခံများကိုအဆိုပါကရင်လူငယ်တွေ့ဆုံပွဲတွင် အသစ်ထပ်မံရွေးချယ်ခဲ့ကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...