ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်က ကယန်းလူမျိုး ကလေးနှစ်ဦး စစ်သားအဖြစ် စုဆောင်းခံခဲ့ရသောကြောင့် ပြန်လွှတ်ပေးရန် မိဘများက တောင်းဆိုကြသည်။
အဆိုပါ ကလေးများ စစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့်အခြေအနေကို ဒီဇင်ဘာလ(၂၀)ရက်နေ့က ရန်ကုန်မြို့၊ အိုလံပစ်တာဝါ ရှိ Myanmar Press Freedom Center တွင် ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာတွင် နေထိုင်သည့် ဒေါ်ဆိုးနေဖော၏ သားဖြစ်သူ မောင်အောလွီစေးသည် ညဏ်ရည်ချို့ယွင်းသော ကလေးတစ်ဦး ဖြစ်သောကြောင့် အမည်မသိလူတစ်ဦးက ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီး ရှစ်လတိုင်တိုင် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ ထို့နောက် ကလေးပျောက်တိုင်ကြားပြီး တစ်ရက်အကြာတွင် ဒီမောဆိုမြို့နယ် ခမရ(၄၂၇) တပ်ထဲ ရောက္နေသည်ဟု ဖုန်းအဆက်အသွယ်ရရှိခဲ့ကြောင်း ဒေါ်ဆိုး နေဖောက ဆိုသည်။
“သူကို အနားမှာပဲ ရှိစေချင်တယ်၊ စစ်သားတော့ မလုပ်ခိုင်းစေချင်ဘူး၊ တခြားအလုပ်ကို လုပ်ရင်တောင် ရတယ်၊ စစ်သားလုပ်ရမှာကိုတော့ မထည့်ပေးစေချင်ဘူး၊ သူက ကလေးပဲ ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင် ကလေးကို ကာကွယ်ပေးဖို့ လိုတယ်၊ ပြီးတော့ အခြားကလေးတွေကိုလည်း သူလိုမျိုး မဖြစ်စေချင်ဘူး” ဟု ဒေါ်ဆိုးနေဖောက ဆိုသည်။
သားဖြစ်သူကို ဒီမောဆိုမြို့နယ် ခမရ(၄၂၇) တပ်တွင် တပ်မှပြန်ထုတ်ပေးရန် သွားပြောသော်လည်း ငါး နှစ်စာချုပ်ချုပ်ထားသဖြင့် ပြန်ထုတ်၍ မရကြောင်း ၎င်း ဆက်ပြောသည်။
ကလေးစစ်သား အဖြစ် စုဆောင်းခြင်းကိုခံခဲ့ရသည့် နောက်တစ်ဦးမှာ ဖယ်ခုံမြို့နယ်၊ လွယ်ယင်းမင်္ဂလာကျေးရွာမှ မောင်အာဗြာဟန်၏ မိခင်ဖြစ်သူ ဒေါ်မူဒန်းကလည်း သူ၏သားကို ဖယ်ခုံမြို့တွင်ရှိသည့် ခလရ-၄၂၁ တပ်ရင်း တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်အဆင့်ရှိသူက ကျောင်းထားပေးမည်ဟုဆိုကာ စစ်ထဲခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ခေါ်ဆောင်သွားပြီးနောက် ရှစ်လအကြာတွင် ကချင်ပြည်နယ်၊ ဆွန်ဘရန်ဗွန် တွင် တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရပြီး ၎င်းကို ခေါ်သွားသူက ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ကတိပြုပြီး ပြန်လာလျှင် ၀ရမ်းပြေးအဖြစ်သာ နေထိုင်ရမည်ဟုဆိုသဖြင့် လက်မခံခဲ့ကြောင်း ဒေါ်မူဒန်းကဆိုသည်။
အဆိုပါ ကလေးစစ်သားများ၏ မွေးစာရင်းအရ မောင်အာဗြာဟန်သည် ၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ ၄ရက်နေ့က မွေးဖွားပြီး လက်ရှိတွင် အသက်(၁၇)နှစ် ရှိပြီဖြစ်ကာ မောင်အောလွီစေးသည် (၂၀၀၃)ခုနှစ်၊ သြဂုတ်လ ၁၄ရက် နေ့တွင် မွေးဖွားခဲ့သောကြောင့် ယခုအခါ အသက် ၁၆နှစ် ရှိပြီ ဖြစ်သည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး တပ်မတော်၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုဥက္ကဌဖြစ်သူ ဗိုလ်ချုပ် ထွန်းထွန်းညီကို ဆက်သွယ်မေးမြန်းရာတွင် အရွယ်မရောက်သေးသည့် ကလေးများ တပ်မတော်ထဲဝင်သည့်ကိစ္စကို မိဘက သဘောတူလက်ခံလျှင်လည်း တပ်မတော်က လက်ခံမထားပဲ သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ တပ်မတော်သို့ ဝင်လို့ရကြောင်း ပြောသည်။
“ကျွန်တော်တို့က လက်မခံပါဘူး၊ စိစစ်ပါတယ်၊ နောက် သူတို့မိဘတွေ တင်ပြလာလို့ မှန်ကန်တယ်ဆိုရင် မိဘတွေလက်ထဲ ပြန်အပ်တယ်၊ လုပ်လည်း လုပ်နေပါတယ်၊ ဒီလိုကလေးစစ်သားတွေကို လိမ်လည်စာရင်းသွင်း တဲ့ သူတွေကိုလည်း အရေးယူပါတယ်၊ မိဘတွေက သက်ဆိုင်ရာတပ်တွေကို အကြောင်းကြားရင် လုပ်ပေးပါတယ်၊ ဒီဟာတွေကို လျစ်လျူရှုမထားပါဘူး”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
လက်ရှိတွင် မောင်အာဗြာဟန် နှင့် မောင်အောလွီစေးတို့သည် ယခုချိန်အထိ မိဘများထံ ပြန်မရောက်သေးဘဲ တပ်ထဲတွင်သာ ရှိနေသေးသည်ဟု မိဘများက ပြောသည်။
တပ်မတော်သည် ၂၀၁၂ခုနှစ်တွင် ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ စာချုပ်ကို ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုးထားပြီး ၂၀၁၉ခုနှစ် မတ်လအထိ တပ်မတော်မှ ပြန်လွှတ်ပေးခဲ့သည့် ကလေးစစ်သား ၉၀၀ ကျော် ရှိပြီဖြစ်ကြောင်း တပ်မတော်နှင့် ယူနီဆပ်ဖ်အဖွဲ့တို့က ထုတ်ပြန်ထားသည်။







