မြေပုံမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးတစ်ဦးသေဆုံး

မြေပုံမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးတစ်ဦးသေဆုံး
ဓာတ်ပုံ - မောင်ချယ်ရီ)
ဓာတ်ပုံ - မောင်ချယ်ရီ)

ခိုင်ရိုးလ — မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နေအိမ်ရှေ့သို့ ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်လာသောကြောင့် အသက် (၄၂)နှစ်အရွယ် အမျိုးသမီးသေဆုံးသွားသည်ဟု မိသားစုဝင်ထံက သိရသည်။

သေဆုံးသွားသူမှာ ဒေါ်ခင်မာရီဆိုသူဖြစ်ပြီး ကမ်းထောင်းကြီးမြို့အနီး တောင်ကုန်းပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆံကြောင့် သေဆုံးသွားခြင်းဟု သေဆုံးသူ၏ မိသားစုဝင် ကိုနေရီထွန်းက ပြောသည်။

“ မင်္ဂလာပွဲက ပြန်လာပြီးတော့ အိမ်ခြံဝင်းထဲမှာ မတ်တပ်ရပ်နေတဲ့အချိန် သေနတ် တောက်လျှောက်ပစ်တယ်။ ကမ်းထောင်းကြီးမြို့ရဲ့အလယ် သူ့အိမ်ခေါင်မိုးတွေမှာ ကျည်ဆံတွေက မိုးရွာသလိုမျိုးရွာကျလာတာ။ အဲဒီမှာ ဦးခေါင်းပေါ်ကို တည့်တည့်ထိပြီးတော့ ဦးနှောင့်ပွင့်ပြီးတော့ သေတာ” ဟု ၎င်းက ဆိုသည်။

ယင်းလက်နက်ကြီးကျည်သည် ရွာအနီးရှိ ဒေသအခေါ် ရေထိုးတောင်မှ ပစ်ခတ်သောကျည်ဟုဆိုသည်။ ယင်းတောင်တွင် တပ်မတော်သားများလည်း တပ်စွဲသည်ဟု ကိုနေရီထွန်းက ပြောသည်။

“အမ်းဖက်ကနေ စစ်ကြောင်း ဆင်းလာတယ်ဆိုတာကိုတော့ သိရတယ်။ စစ်ဖြစ်တာလဲ မဟုတ်ပဲနဲ့ ဒီအတိုင်းပဲ မြို့အလယ်ခေါင်တည့်တည့်ကို စက်သေနတ်နဲ့ ပစ်ထည့်လိုက်တာ။ ကျည်ထိပ်ဖူးကတော့ လက်နှစ်ဆစ် ကျော်လောက်ရှိတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ မြို့အတွင်း လက်နက်ကျည်ဆံကျရောက်ပြီး ပြည်သူများသေဆုံးမှုရှိနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေမှုရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။

“အခုက မြို့လယ်ခေါင်လာပြီးတော့ ကျည်ဆန်ထိမှန်လာတယ်ဆိုတော့ ဒေသခံတွေလည်း အပြင်ကို မထွက်ရဲအောင်အထိ စိုးရိမ်ကြောင့်ကြမှုတွေဖြစ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ကမ်းထောင်းကြီး၏ အရှေ့ဘက် ကီလိုမီတာ (၅၀၀၀) ခန့်တွင် AA တပ်ဖွဲ့အင်အား ၆၀ ခန့်နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုများရှိခဲ့သည်။ သို့သော် မိမိတို့ ပစ်ခတ်လိုက်သော ကျည်ကြောင့် သေဆုံးခြင်း မဟုတ်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကိုပြောသည်။

“ ကျွန်တော်တို့တပ်တွေက လမ်းရဲ့မြောက်ဖက်မှာရှိတယ်၊ သောင်းကျန်းသူကလည်း လမ်းရဲ့မြောက်ဘက်မှာပဲ ရှိတယ်။ ကျွန်တော်တို့ရဲ့ ကျည်သွားလမ်းကြောင်းဟာ မှန်ချင်းမှန်လို့ရှိရင် ကျွန်တော်တို့ ကျည်သွားလမ်းကြောင်းသည် အနောက်မြောက်ဖက်ကိုပဲသွားတယ်၊ ရွာကအနောက်တောင်ဖက်မှာပဲရှိတယ်၊ တစ်ခြားစီပဲ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦး ကပြောသည်။

ယမန့်နေ့က ၎င်းနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်သားများက တိုက်ပွဲအတုဖန်တီးပြီး ကျေးရွာအတွင်းသို့ ပစ်ခတ်ခြင်းဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက DMG ကိုပြောသည်။

“ မနေ့က ကမ်းထောင်းကြီးမြို့ဘက်မှာ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာဘာမှမရှိဘူး။ ဗမာစစ်တပ်ဘက်က တိုက်ပွဲအတုတွေ ဖန်တီးပြီးတော့ အဲလိုမျိုးရွာထဲတွေကို လှမ်းပြီး ပစ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်။ အဲဒီအတွင်းမှာ ကမ်းထောင်းကြီးမှာ အမျိုးသမီးထိမှန်တယ်လို့ သိရတယ်။ ပစ်တဲ့နေရာကလည်း ကမ်းထောင်းကြီးရဲ့တစ်ဖက်ကမ်းက တောင်ပေါ်က ရွာထဲကိုပစ်တာ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ကျည်ဆံထိမှန်မှု၊ ပစ်ခတ်ခံရမှု၊ မိုင်းထိမှန်မှုတို့ကြောင့် အရပ်သား (၁၀၀)ခန့်သေဆုံးကာ ဒဏ်ရာရရှိသူ (၁၃၀)ခန့်ရှိသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...