ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်နီလူငယ်များပြော

ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်နီလူငယ်များပြော

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံတွင် တည်ဆောက်ထားသော ဗိုလ်ချုပ်ကြေးရုပ်ကို ရွှေ့ပြောင်းရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်မှုနှင့်ပတ်သက်၍ ဦးဆောင်ဆန္ဒပြခဲ့သည့် ကရင်နီလူငယ်များက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်မှုနှင့် ပတ်သက်ပြီး ဦးဆောင်ကန့်ကွက်ခဲ့သည့်အတွက် တရားစွဲဆိုခံရကာ ထောင်ဒဏ်ခြောက်လကျခံခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသော်လည်း ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။

''ကျွန်တော်တို့ မူလရည်ရွယ်ချက်ကကြေးရုပ်ကို ထားရှိဖို့ လက်ခံမှာမဟုတ်ဘူး။ ရွှေ့ပြောင်းနိုင်အောင် ဆက်ပြီးကြိုးစားသွားမှာဖြစ်ပါတယ်။ဘယ်လိုကြိုးစားသွားမလဲ ဘယ်ချိန်မှာလုပ်ဆောင်မလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ တချို့ကလည်းပြောလို့မဖြစ်သေးတဲ့ အခြေအနေမှာရှိတာပေါ့။''ဟု  တရားစွဲခံခဲ့ရသည့် ကရင်နီလူငယ်ခြောက်ဦးထဲမှ ကိုဒီးဒီကပြောသည်။

ကရင်နီလူငယ်များအနေနှင့် ဗိုလ်ချုပ်ကြေးရုပ်ထက် ဗိုလ်ချုပ်၏ကတိကဝတ်ကိုသာ လိုလားကြသည့်အတွက် လူထုကန့်ကွက်သည့်ကြားမှ တည်ဆောက်ထားသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်အစိုးရက ရွှေ့ပြောင်းပေးရန်  ကရင်နီလူငယ်များက အလိုရှိနေကြသည်။

''ပြတ်ပြတ်သားသားရှင်းချင်တယ်ဆိုရင် အစိုးရလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုရင်တော့ တစ်ပြည်နယ်လုံးမှာရှိတဲ့  လူထုဆန္ဒ ခံယူရမယ်။  ကျွန်တော်တို့စိန်ခေါ်တာကို လက်ခံပြီးမှ တရားမျှတစွာ ရဲရဲရင့်ရင့်သတ္တိရှိရှိ လုပ်ဆောင်စေချင်တယ်။'' ဟု ကိုဒီးဒီက ဆက်လက်ပြောကြားသည်။

လူထုကန့်ကွက်သည့်ကြားက အတင်းအဓမ္မ တည်ဆောက်ထားသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်အစိုးရအနေနှင့် ရွှေ့ပြောင်းပေးနိုင်လျှင် အကောင်းဆုံးဖြစ်ကြာင်း အကယ်၍မလုပ်ပေးနိုင်လျှင် တစ်ပြည်နယ်လုံး လူထုဆန္ဒခံယူပွဲ ပြန်လုပ်လျှင်လည်း အကောင်းဆုံးဖြစ်မည်ဟုထင်မြင်ေကြာင်း တရားစွဲဆိုခံခဲ့ရသည့်ကရင်နီလူငယ်  ခူးရီးရယ်က ဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင်လည်း  ကရင်နီ(ကယား)ပြည်သူများအနေနှင့် ကရင်နီ(ကယား)ပြည်နယ် အခြေစိုက်ပါတီကိုသာ ဦးစားပေးထောက်ခံကြမည်ဟု မျှော်လင့်ယုံကြည်ကြောင်း ၎င်းကဆက်ပြောသည်။

ကရင်နီလူငယ်ခြောက်ဦးကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင်  ပြည်နယ်အစိုးရက နိုင်လွတ်လုံ ပုဒ်မ၁၀ဖြင့် လွိုင်ကော်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီးနောက် အလုပ်နှင့်ထာင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရကာ ဒီဇင်ဘာ ၁၃ရက်တွင်ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

ဓာတ်ပုံ- ကယားပြည်နယ် အစိုးရအဖွဲ့

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...