ရသေ့တောင်မြို့နယ်တွင် ရွာသား (၁၀၀၀)ကျော်ထွက်ပြေးနေရ

ရသေ့တောင်မြို့နယ်တွင် ရွာသား (၁၀၀၀)ကျော်ထွက်ပြေးနေရ
တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေကြသော ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်ကျေးရွာသားများကို ဒီဇင်ဘာလ ပထမအပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ - Soe Han / Facebook)
တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေကြသော ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်ကျေးရွာသားများကို ဒီဇင်ဘာလ ပထမအပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ - Soe Han / Facebook)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒြားကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာသောကြောင့် ရွာသား (၁၀၀၀)ကျော် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားသည်ဟု ဒေသခံများထံက သိရသည်။

သောင်းဒြားကျေးရွာသည် ရသေ့တောင်မြို့နယ်မှ လေးမိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ (၃၀၀)နီးပါးရှိကာ လူဦးရေ (၁၃၀၀)ခန့်ရှိသည်။ တပ်မတော်စစ်ကြောင်းတစ်ခုသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ကဝင်ရောက်လာသောကြောင့် ရွာသားအများစု ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး သက်ကြီးရွယ်အို (၅)ဦးခန့်သာ ရွာတွင်ကျန်ရစ်ခဲ့သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ရွာမှာ သက်ကြီးရွယ်အို လေးငါးဦးလောက်ပဲ ကျန်နေခဲ့တယ်လို့သိရတယ်။ စစ်တပ်ဝင်လာတော့ ကြောက်လို့ပြေးကြတာ”ဟု ၎င်းက ဆိုသည်။

ထွက်ပြေးလာသူများအနက် ရွာသား (၆၀)ခန့်မှာ ကျွဲ၊နွားများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်၍ တောတွင်းတွင် ထိန်းကျောင်းနေရသည်ဟု သောင်းဒြားကျေးရွာသား ဦးမောင်ဖြူလှက ပြောသည်။

“ကျွန်တော်တို့ အခုတော်တော်လေး ဒုက္ခရောက်နေကြတယ်။ ရွာလည်းမပြန်နိုင်သေးဘူး။ နောက်တခြားရွာတွေကို သွားဖို့ကျတော့ ဒီကျွဲ၊နွားတွေကိုထားပြီး ကျွန်တော်တို့ဘယ်လိုသွားမှာလဲ။ ထီးစွဲမှာစစ်တပ်ရှိတယ်။ ဇရပ်လှဖက်ကို သွားဖို့ကျတော့လည်း ချောင်းဖြတ်ကူရမှာဖြစ်တဲ့အတွက် ကျွဲ၊နွားတွေအတွက် အန္တရာယ်ရှိပါတယ်။ ကျွဲ၊ နွား တစ်ထောင်လောက်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

နယ်မြေရှင်းလင်းရေး လုပ်နေရသောကြောင့် မသင်္ကာသည့်ကျေးရွာများကို စစ်ဆေးမှုများပြုလုပ်နေရခြင်း ဖြစ်သည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“ကျွန်တော်တို့က နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက်ကြောင့် မသင်္ကာတဲ့ရွာတွေဆိုရင် ရှာဖွေမှုတော့လုပ်ရမှာပေါ့နော်။ လုပ်တဲ့အခါ တပ်တစ်ခုတည်းလုပ်တာမဟုတ်ဘူး။ ကျေးရွာတွေမှာ ရပ်မိ၊ရပ်ဖတွေပါတယ်။ ကျေးရွာတာဝန်ခံတွေပါတယ်။ စနစ်တကျစစ်တာ။ အမှန်ကတော့ ထွက်ပြေးစရာအကြောင်းမရှိဘူး။ ရွာသားတွေက ကျွန်တော်တို့တပ်တွေရောက်လာလို့ တိုက်ပွဲဖြစ်မှာကိုကြောက်လို့ ရှောင်သွားရင်လည်း ကျွန်တော်တို့လည်း မတတ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းနီးပါးရှိလာကာ စားဝတ်နေရေးအခက်အခဲရှိနေသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...