အာဏာရပါတီ NLD ဦးဆောင်သည့် အစိုးရသက်တမ်းအတွင်း တစ်ကြိမ်တစ်ခါမျှ ခေါ်ယူကျင်းပခြင်း မရှိသေး သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရန် တပ်မတော်သား လွှတ်တော်အမတ်များက ဒီဇင်ဘာ ၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် တောင်းဆိုခဲ့ကြ သည်။
အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများ လုံခြုံရေးအတွက် အစိုးရက ကာ/လုံ အစည်းအဝေး ခေါ်ယူကာ ဆွေးနွေး ဆုံးဖြတ်သင့်သည်ဟု တပ်မတော်သား လွှတ်တော်အမတ်များက ထောက်ပြကြသည်။
တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် ကျော်စန်းလင်းက “ရခိုင်ပြည်နယ် အရေးဟာ နိုင်ငံတစ်နိုင်ငံလုံး အရေး မဟုတ်၊ ပြည်နယ်လေးတစ်ခု၏ ပြဿနာသာ ဖြစ်တယ်လို့ ယူဆခဲ့ရင် ရခိုင်ပြည်နယ်မှာရှိတဲ့ တခြားအမတ်မင်း တွေနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ထပ်ပြီး အဖမ်းခံ နေရဦးမှာပါပဲ။ ဒါကြောင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်မြောက်ပိုင်းဒေသများရဲ့ လုံခြုံရေးကိစ္စများကို ကာ/လုံ အမြန်ဆုံး ခေါ်ယူပြီး အစိုးရမှ တာဝန်ယူမှု၊ တာဝန်ခံ မှု အပြည့်ဖြင့် ဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြုအပ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး ခဲ့သည်။
အတိုက်အခံ ကြံ့ခိုင်ရေးပါတီအမတ် ဦးစိုင်းသန်းနိုင် ဦးဆောင်တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းနှင့် ပတ်သက်ပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဝင်ရောက် ဆွေးနွေးစဉ် ထိုသို့ ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အစိုးရက ကာ/လုံ အစည်းအဝေး ခေါ်ယူကာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သော ရခိုင်တပ်ဖွဲ့(AA)၊ ပလောင် တပ်ဖွဲ့ (TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA) တို့ကို “အကြမ်းဖက်သောင်းကျန်းသူများ” အဖြစ် တရားဝင် ကြေညာ သင့်ကြောင်း တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် ကျော်စန်းလင်းက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ သည်။
မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် တိုက်ခိုက်မှု ဖြစ်ပွားတိုင်း တပ်မတော်ဘက်က အမြန်ဆုံး လိုက်လံ တိုက် ခိုက် ချေမှုန်းသော်လည်း အစိုးရကမူ မည်သည့် ဆောင်ရွက်ချက်ကိုမျှ လုပ်ဆောင်ထားခြင်းမရှိဟု ၎င်းက ပြောသည်။
တပ်မတော်သားအမတ် တစ်ဉီးဖြစ်သူ ဗိုလ်မှူး မင်းမင်းကလည်း ရခိုင်ပြည်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဒေသခံပြည်သူများ၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ကာကွယ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်း ထားသည့် ကာ/လုံကောင်စီတွင် တွေ့ဆုံညှိနှိုင်းကာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ဒီအချိန်မှာ အမျိုးသားစည်းလုံးညီညွတ်ရေး အရေးကြီးနေတာပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ICJ နဲ့ ပတ်သက်ပြီး သွားရောက်ပြီးတော့ တရားရင်ဆိုင်နေရတဲ့ အခြေအနေမျိုးမှာ ကာ/လုံလို အစည်းအဝေးခေါ်ဖို့ တိုက်တွန်းတာက ကျွန်တော့်အနေနဲ့ သိပ်တော့ သဘော မကျဘူး”ဟု ပြောသည်။
လက်ရှိ တိုင်းပြည် အခြေအနေသည် ကာ/လုံ အစည်းအဝေး ခေါ်ရလောက်အောင် ဝရုန်းသုန်းကားဖြင့် ယိုယွင်းနေသည့် အနေအထား မဟုတ်ကြောင်း၊ တပ်မတော် နှင့် အစိုးရ ခေါင်းဆောင်များအကြား အရင်ဆုံး အပြန်အလှန် နားလည်မှုနှင့်ယုံကြည်မှု တည်ဆောက်ရန်သာ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
တပ်မတော်သားအမတ် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး မင်းဦးက“ကျွန်တော်တို့နိုင်ငံဟာ ပထဝီဝင် အနေ အထားအရ ပြည်ပရဲ့ ဖိအားပေးမှုများ၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စများ မကြာခဏ ပေါ်ပေါက်လေ့ရှိပြီး အခုဆိုရင်လည်း စိန်ခေါ်မှု ပေါင်းများစွာကို တပြိုင်တည်း ရင်ဆိုင်နေရတဲ့ အခြေအနေ ရှိပါတယ်။ သို့သော် လည်း ဒီပြဿနာတွေကို ကိုင်တွယ် ဖြေရှင်း ဆုံးဖြတ်ပေးရမယ့် ကာ/လုံရဲ့ ဆောင်ရွက်မှုကို မတွေ့ရပါဘူး။ ကာ/လုံ ဘယ်ရောက်နေပါသလဲ” ဟု ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းထုတ်သည်။
အတိုက်အခံအမတ် ဦးစိုင်းသန်းနိုင် ဦးဆောင်ကာ တပ်မတော်သား အမတ်များနှင့်ပူးပေါင်းပြီး တင်သွင်း ထားသည့် အခြေခံ ဥပဒေပြင်ဆင်ရေးမူကြမ်းတွင် ကာ/လုံ အစည်းအဝေးကို နှစ်လတစ်ကြိမ် ကျင်းပရန်နှင့် ကာ/လုံကောင်စီဝင် ငါးဦးက တောင်းဆိုပါက အရေးပေါ် အစည်းအဝေး ကျင်းပရမည်ဟု ထည့်သွင်းထား ကြောင်း သိရသည်။
ထို့ပြင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍအချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန် သင့်/မသင့် နိုင်ငံတော်သမ္မတထံ အကြံပေးရမည်ဟုလည်း ကာ/လုံ၏ တာဝန် အဖြစ် ဥပဒေကြမ်းထဲတွင် ထည့်သွင်း ထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားပြီးသားဖြစ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာ/လုံ) အစည်းအဝေးကို လက်ရှိ အစိုးရအနေဖြင့် ‘စစ်ဖြစ်မှ လုပ်တော့မှာလား’ ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ထွန်းထွန်းညီက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့ဖူးသည်။
ကာ/လုံကောင်စီတွင် သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေး ဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန စသဖြင့် ပါဝင်သည့် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။
အဆိုပါ ၁၁ ဦးထဲတွင် အခြေခံဥပဒေအရ တပ်မတော်ဘက်က ၆ ဦး ပါဝင်နေကြောင်း အများက ထောက်ပြလျက် ရှိနေသည်။







