ရသေ့တောင်က ပညာရေးဝန်ထမ်းနှစ်ဦးနှင့် ရပ်/ကျေးစာရေးတစ်ဦး စစ်ဆေးခံနေရ

ရသေ့တောင်က ပညာရေးဝန်ထမ်းနှစ်ဦးနှင့် ရပ်/ကျေးစာရေးတစ်ဦး စစ်ဆေးခံနေရ
ပညာရေးဝန်ထမ်းများ စစ်ဆေးခံနေရမှုနှင့်ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးက အငူမော်ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ရာ မအားသေးဟု ဖြေဆိုခဲ့သည်။
ပညာရေးဝန်ထမ်းများ စစ်ဆေးခံနေရမှုနှင့်ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးက အငူမော်ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ရာ မအားသေးဟု ဖြေဆိုခဲ့သည်။

 ချလူးအောင် — ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာကို တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့က ဒီဇင်ဘာလ (၃)ရက်နေ့တွင် စစ်ဆေးမှုပြုလုပ်ပြီး  ကျောင်းဆရာတစ်ဦး၊ ကျောင်းစာရေးတစ်ဦးနှင့် ရပ်/ကျေး စာရေးတစ်ဦးတို့ကို အငူမော်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု ရွာလူကြီးဖြစ်သည့် ဦးတင်မောင်က DMG ကိုပြောသည်။

ရွာရှိနေအိမ်များတွင် အိမ်စောင့်တစ်ဦးစီထားပြီး တခြားသူများကို ဘုန်းကြီးကျောင်းသို့ခေါ်ယူကာ အိမ်ထောင်စုစာရင်းများကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ယင်းနောက် နေအိမ်များကို တပ်မတော်က ဝိုင်းထားပြီး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)များနှင့် ရဲတပ်ဖွဲ့တို့က တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးခဲ့သည်။ ဗုံးခိုကျင်းများကို ဓာတ်ပုံမှတ်တမ်းရိုက်ယူကာ သေတ္တာ၊ ရေအိုးခွက်၊ အိမ်သာ စသည်တို့ကိုလည်း အသေးစိပ် စစ်ဆေးရှာဖွေခဲ့သည်ဟု ဦးတင်မောင်က ဆိုသည်။

“ရှာဖွေလို့ပြီးရင် ပစ္စည်းတွေ ပျောက်ဆုံးမူရှိ၊ မရှိ နေအိမ်မှာစောင့်နေသူကို ပြန်လည်စစ်ဆေးခိုင်းတယ်။ ဘုန်းကြီးကျောင်းက လူတွေကိုတော့ အိမ်ထောင်စုစာရင်းစစ်တယ်။ ညနေ ၃ နာရီကျော်မှာပြီးပါတယ်။ စစ်ဆေးမှုတွေ လုပ်အပြီးမှာတော့ ကျေးရွာရပ်ကျေးစာရေး အပါအဝင် ကျောင်းဆရာတစ်ဦး ကျောင်းစာရေးတစ်ဦးကို ခေါ်ဆောင်သွားပါတယ်။ အခုသတင်းကြားတာကတော အငူမော်စခန်းမှာ စစ်ဆေးနေတယ်လို့ ကြားပါတယ်”ဟု ၎င်းကပြောသည်။

စစ်ဆေးခံနေရသူများမှာ ရပ်/ကျေးစာရေး ဦးမောင်နီ(၅၂)နှစ်၊ ကျောင်းဆရာ ဦးကျော်ဆန်းနိုင် (အသက် ၃၄ နှစ်)၊ ကျောင်းစာရေး ဦးနေဇော်ထွန်း (အသက် ၂၈ နှစ်)တို့ဖြစ်သည်။

ယခုစစ်ဆေးခံနေရမှုနှင့် ပတ်သက်ပြီး အငူမော်ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ရာတွင် မလုပ်မအားသေးဟု ဆိုသောကြောင့် အခြေအနေကို မသိရှိရသေးဟု မြို့နယ်ပညာရေးမှူး ဦးကျော်မြက ပြောသည်။

“အမှန်ဆိုရင် ပညာရေးဝန်ထမ်းတွေကို ဖမ်းသည်ဖြစ်ဖြစ်၊ စစ်ဆေးသည်ဖြစ်ဖြစ် အကြောင်းကြားရမှာဖြစ်တယ်။ အခုက ဘာမှပြန်မပြောတဲ့သဘောက မလေးစားတဲ့သဘော သက်ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ်ရာတွင် မသိသေးကြောင်း၊ စုံစမ်းပြီးလျှင် ပြန်ပြောမည်ဟု ဖြေဆိုသည်။

တပ်မတော်သည် ရခိုင်ကျေးရွာအချို့ကို ရက္ခိုင့်တပ်တော်(AA)က ရွာသားအသွင်ယူကာ နေထိုင်သည်ဟု သံသယရှိနေကာ မကြာခဏ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ပြီး စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများပြုလုပ်နေသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ဘူးသီးတောင်မြို့နယ်ရှိ ကျောင်းဆရာနှစ်ဦးကို AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။ ယင်းနှစ်ဦးအနက်

ဦးနေဇော်လင်းကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးလိုက်ပြီး  ဦးနိုင်အောင်ထွန်းကိုမူ စွဲချက်တင်ရန်အမိန့်ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦး လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...