ချလူးအောင် — အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ ကျောင်းဆရာ နှစ်ဦးအနက် တစ်ဦးကို တရားစွဲတင်နိုင်သည့်အထောက်အထား ခိုင်လုံစွာတင်ပြနိုင်ခြင်း မရှိ၍ ပြန်လွှတ်ပေးလိုက်ပြီး အခြားတစ်ဦးကို တရားစွဲတင်လိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဦးသန်းခင်က DMG ကိုပြောသည်။
ယနေ့(ဒီဇင်ဘာလ ၃ ရက်)က ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ပြင်ချောင်းကျေးရွာမှ ကျောင်းဆရာ ဦးနေဇော်လင်းကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကာ ကျောက်ရံကျေးရွာမှ ကျောင်းဆရာ ဦးနိုင်အောင်ထွန်းကို တရားစွဲခဲ့ခြင်းဖြစ်သည်။
“နေဇော်လင်းကို တရားစွဲတင်နိုင်တဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာမပြနိုင်တဲ့အတွက် စွဲချက် မတင်နိုင်ဘဲ လွှတ်တာဖြစ်တယ်။ ကျန်နေတဲ့ ကျောင်းဆရာ နိုင်အောင်ထွန်းကိုကျတော့ စွဲချက်တင် ဖြေရှင်းရမယ့် အကြောင်းအရာတစ်ခုရှိနေတာကြောင့် ဒီနေ့ပဲ စွဲချက်တင်လိုက်ပါတယ်” ဟု ၎င်းတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်ဦးသန်းခင်က ပြောသည်။
ဦးနေဇော်လင်းကို သြဂုတ်လ (၅)ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ စာသင်ပြ၍ ပြန်လာစဉ် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဦးနိုင်အောင်ထွန်းကိုလည်း ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သား (၃)ဦးနှင့်အတူ သြဂုတ်လ (၁၀)ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကျောင်းဆရာနှစ်ဦးအား တပ်မတော်စစ်ကြောင်း သတင်းအချက်အလက်များကို ရက္ခိုင့်တပ်တော်(AA) ထံ ပေးပို့မှု၊ AA နှင့်ဆက်သွယ်မှု၊ AA သတင်းများကို ထိန်ချန်မှုတို့ဖြင့် ရဲအရာရှိနှစ်ဦးက ဘူးသီးတောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် ကျောက်ရံအုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သား(၄)ဦးတို့ကို ဘူးသီးတောင်မြို့နယ် တရားရုံးက ပြန်လွှတ်ပေးခဲ့သည်။
ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦးလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။







