ICJ ကိစ္စ သက်သေခိုင်လုံမှု ဘယ်လောက်ရှိလဲ ထည့်တွက်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ICJ ကိစ္စ သက်သေခိုင်လုံမှု ဘယ်လောက်ရှိလဲ ထည့်တွက်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော
by -
စိုးသူအောင်
NCA-S EAO(fb) PPST အစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် မိန့်ခွန်းပြောနေစဉ်
NCA-S EAO(fb) PPST အစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် မိန့်ခွန်းပြောနေစဉ်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းရန် တစ်ဖက်နိုင်ငံဘက်မှ သက်သေခိုင်လုံမှု ဘယ်လောက်ရှိသလဲ ထည့်တွက်ရန် လိုအပ်သည်ဟု PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၂ ရက်က ကျင်းပနေရာ အဖွင့်မိန့်ခွန်းပြောစဉ် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်က ထည့်သွင်းပြောသွားခြင်းဖြစ်သည်။

“ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုတာကို ရင်ဆိုင်ဖြေရှင်းဖို့ အစိုးရနဲ့ တပ်မတော် ပူးပေါင်း လုပ်ဆောင်မယ်ဆိုတာ ဟာ ဒီကိစ္စကို အစိုးရက တာဝန်ယူတယ်၊ တာဝန်ခံတယ်ဆိုတာ ပြသနေတာဖြစ်တယ်။ တစ်ဖက်က သက်သေ အထောက်အထား ခိုင်လုံမှု ဘယ်လောက်အထိ ရှိတယ်ဆိုတာကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်” ဟု ၎င်း က ပြောသည်။

ထို့အပြင် ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုကို တိုင်းရင်းသားဒေ သခံများ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရကြောင်း၊ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက် ပြီး တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဖြင့် ကုစားရမည်ဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်းပြောခဲ့ သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များအပေါ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ နေရပ်စွန့်ခွာစေရန် လုပ်ဆောင်မှုစသည်တို့အပါအဝင် ဂျီနိုဆိုက် လုပ်ဆောင်သည်ဟု စွပ်စွဲချက်များဖြင့် ဂမ်ဘီယာ နိုင်ငံ က မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ တိုင်ကြား စွဲဆိုထားသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စတင်အမှုကြားနာမှာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဖြေရှင်းသွားမှာဖြစ်သည်။

အစောပိုင်းရက်များက မြန်မာ-တရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ICJ အမှုနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားများ ကြေညာခဲ့ကြသည်။

အစိုးရက အမှုအတွက် သွားရောက်ရင်ဆိုင်မည်ဆိုသောကိစ္စကို ထောက်ခံကြောင်း   “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)အပြင် အထူးဒေသ (၄) မိုင်းလားအဖွဲ့နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA) တို့က ထုတ်ပြန်သည်။

UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “ ဘယ်လိုပဲ ဖြစ်ဖြစ် ဂျီနိုဆိုဒ်မြှောက်တယ် မမြှောက် တယ်ဆိုတာကတော့ တစ်ဏ္ဍပေါ့နော်၊ ဘယ်လိုပဲ ပြောပြော မျက်စိစုံမိတ်နေမယ့်အစား ဒီလိုမျိုးသွားပြီးမှ ဖြေ ရှင်းတယ်၊ ရင်ဆိုင်တယ်၊ တာဝန်ယူမှု တာဝန်ခံမှုတစ်ခု ရပ် တည်တယ်ဆိုတာကတော့ ဒါကို ကျွန်တော်တို့ က တော့ ဂုဏ်ယူပါတယ်နော်။ ဒါကတော့ ဗဟိုဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ”ဟု မဇ္ဈိမသို့ ပြောထား သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟုခေါ်သော ကိုးကန့်အဖွဲ့ MNDAA၊ တအန်း/ ပလောင်အဖွဲ့TNLA နှင့် ရခိုင်အဖွဲ့AA တို့ကတော့ တရားစွဲအဖွဲ့အစည်းဘက်မှ ထောက်ခံသည်ဟု ထုတ်ပြန်ခဲ့သည်။  

PPST ကို NCA ထိုးထားသည့် RCSS၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့ (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...