ခိုင်ရိုးလ — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း တပ်မတော်ရေယာဉ်အပါအဝင် ရေယာဉ် ၆ စီး တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လက်နက်ကြီးကျည်ထိမှန်ခဲ့သူ ကသစ်တောကျေးရွာမှ ဦးထွန်းလှစိန်ကို မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စစ်တွေဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ ကုသမှုခံယူရန် ပို့ဆောင်လိုက်ရကြောင်း သိရသည်။
ဦးထွန်းလှစိန်၏ ဒဏ်ရာမှာ ဘယ်ဘက်ခြေထောက်တွင် လက်နက်ကြီးကျည်စထိမှန်ကာ ပြတ်လုနီးပါးဖြစ်ခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်သို့ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
“ဒဏ်ရာပြင်းထန်တော့ စစ်တွေမှာ ဆရာဝန်ကြီးမရှိတဲ့အတွက် ရန်ကုန်ကို ကုသဖို့လာတာပါ။ ရန်ကုန်ဆေးရုံကြီးမှာတော့ ညနေမှခွဲစိတ်ခန်းဝင်ရပါတယ်”ဟု ဒေါ်အေးဖြူကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့က ကျောက်တော်မြို့နယ် ပီကောက်ဝကျေးရွာအနီးတွင် တပ်မတော် ရေယာဉ်အပါအဝင် ရေယာဉ် ၆ စီးကို AA က ဒုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်အပြန် အလှန်ပစ်ခတ်ရာတွင် ကသစ်တောကျေးရွာသားနှစ်ဦး လက်နက်ကြီးကျည်ထိမှန်သွားခြင်းဖြစ်သည်။
ဒဏ်ရာရရှိခဲ့သူနှစ်ဦးတွင် ဦးထွန်းလှစိန်မှာ ဒဏ်ရာပိုမိုပြင်းထန်သဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
ယင်းသို့ ကျေးရွာသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး တပ်မတော်က AA မှပစ်ခတ်ခြင်းဟု ပြောဆိုပြီး AA ကလည်း တပ်မတော်မှပစ်ခတ်၍ ဒဏ်ရာရခြင်းဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲပြောဆိုထားကြသည်။







