ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ဆက်နွယ်၍ ပြည်နယ်အစိုးရမှ ဖမ်းဆီးတရားစွဲကာ အကျဉ်းချခံခဲ့ရသည့် ကရင် နီလူငယ် ၆ ဦးထဲမှ တစ်ဦးဖြစ်သူ ခူးကြူးဖဲကေး(ခ) ဂူဂူး နိုဝင်ဘာလ ၂၅ ရက် နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။
ချုပ်ရက်ပြည့်သည့်အတွက် လွတ်မြောက်လာခြင်းဖြစ်သည်ဟု ကယားပြည် နယ် ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ ဦးသဲ ရယ် က ပြောသည်။
“ဒီမနက် ၁၀ နာရီလောက်မှာ ပြန်လွတ်လာတယ်။ ပြီးခဲ့တဲ့အမှုမှာ ၆ လစီချတာပေါ့လေ။ ဒီအမှု ရင်ဆိုင်နေရတဲ့ ကာလနဲ့ဆိုရင်တော့ သူက အရင်ဆုံး အဖမ်းခံရမိတဲ့အခါကျတော့ သူက အရင်ဆုံးလွှတ်လာတယ်လို့ပဲ ကျနော် တစ်ယောက်အနေနဲ့ပဲ သိရတယ်”
ထို့အပြင် အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသည့် ကရင်နီ လူငယ် ၅ ဦးမှာလည်း လာမည့် ၂ ပတ် အတွင်း ပြန်လည် လွတ်လာမည်ဟု ဦးသဲရယ်က ဆက်ပြောသည်။
“သူတို့က တရားရင်ဆိုင်တဲ့ အချိန်က ၅ လဆိုတော့ တစ်လလောက်ပြည့်ရင်တော့ သူတို့ပြန်လွတ်လာဖို့ရှိပါ တယ်။ အခုကလည်း သူတို့ အမိန့်ချပြီးတဲ့ နောက်မှာတော့ သူတို့တစ်ပတ်နှစ်ပတ် ကျော်လာပြီဆိုတော့ နောက် တစ်ပတ်နှစ်ပတ်ဆို ပြန်လွတ်လာဖို့ရှိပါတယ်”
ယခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ်များက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသားများ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံး ညီညွတ်မှုများကို ပြိုကွဲစေသည်သာမက ကရင်နီသမိုင်းအား ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါစာကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်တို့က ၎င်းတို့၏ ဂုဏ်သိက္ခာအရ ညိုးနွမ်းမှု၊ ထိခိုက်မှု ရှိသည်ဟုဆိုကာ ကရင်နီ လူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲ ဆိုခဲ့သည်။
ကရင်နီလူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲဆိုခဲ့သည့်အပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “ဒါက ပုဂ္ဂိုလ်ရေး ကိစ္စဖြစ်တယ်။ တကယ်လို့စွဲမယ် ဆိုလို့ရှိရင်တော့ ဝန်ကြီးချုပ်နဲ့ ဦးမော်မော် စီမံဘဏ္ဏာဝန်ကြီးကပဲ သူတို့ ကိုယ်တိုင် စွဲသင့်တယ်လို့ပဲ ကျနော်အဲလိုပဲမြင်ပါတယ်။ မစွဲနဲ့လို့တော့ ကျနော် မပြောဘူး ဒါပေမယ့် ဒီလိုစွဲသင့်တယ်လို့ ကျနော်အဲ လိုထင် တယ်။ အခုဟာက အဲလိုမဟုတ်ပဲနဲ့ကို အစိုးရက နေပြီးတော့မှ လူငယ် ၆ ဦးကို တရားစွဲတဲ့ ပုံစံမျိုး ဖြစ်လာတဲ့ အခါကျတော့ ဒါက ဥပဒေနဲ့ မညီဘူးလို့ ကျနော် တစ်ယောက်အနေနဲ့ အဲလိုပြောချင်တာပေါ့” ဟုပြောသည်။
ကယားပြည်နယ် အစိုးရမှ းတရားစွဲဆိုကာ ထောင်ဒဏ် ၆ လစီ ကျခံနေရသည့် ကရင်နီလူငယ် ၆ ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။
၎င်းတို့ ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက သြဂုတ်လ ၂၆ ရက်နေ့ (၉) ကြိမ်မြောက် ရုံချိန်းတွင် နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှုကို ဆက်လက် စစ်ဆေးရန် စွဲချက်တင်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ ၁၈ ကြိမ်မြောက် ရုံးချိန်း တွင် ထောင်ဒဏ် ၆ လစီ ကျခံရန် အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။







