တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA အနေဖြင့် လေယာဉ်ပစ်ဒုံးများ ရှိနေပြီဖြစ်သော်လည်း မြောက်ပိုင်းတိုက်ပွဲများအတွင်း အသုံးပြုခဲ့ခြင်း မရှိသေးဟု ပြောသည်။
“လေယာဉ်ပစ်ဒုံးကိစ္စကတော့ ဒီ အဲ့မှာကြည့်ရင်တော့ လေယာဉ်ပစ်ဒုံးလည်းပါတယ်။ လက်နက် အသစ်တွေ လည်းပါတယ်။ အသစ်အများစုကတော့ ကျနော်တို့ဟာ ဟုတ်တယ်။ အဟောင်းတချို့နဲ့ အဲ့ ပုံတွေထဲက လက်နက်တချို့ အမျိုးအစားတွေကတော့ ကျနော်တို့ဆီမှာ မရှိဘူး။” ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။
တိုက်ပွဲများအတွင်း တပ်မတော်မှ လေယာဉ်ဖြင့် အကြိမ်ကြိမ် တိုက်ခိုက်မှုများရှိခဲ့သော်လည်း TNLA အနေဖြင့် လေယာဉ်ပစ်ဒုံးများကို အသုံးပြုခဲ့ခြင်း မရှိသေးကြောင်းလည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အင်တာနက် ဝက်ဆိုက် စာမျက်နှာတွင် နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာအနီးတဝှိုက်တွင် PSLF/TNLA အဖွဲ့၏ လေယာဉ်ပစ်လက်နက် တစ်လက်အပါအဝင် အခြားသော လက်နက်ခဲယမ်းများ တပ်မတော် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားခဲ့သည်။
လေယာဉ်ပစ်ဒုံး လက်နက် တစ်လက်အပါအဝင် အခြားသော လက်နက် ခဲယမ်းများကို သိမ်းဆည်း ရရှိခဲ့ ကြောင်းနှင့် ရှမ်းမြောက်ဒေသရှိ TNLA ၏ တပ်စခန်းပေါင်း ၄၁ ခု ကိုလည်း သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က တပ်မတော်က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
PSLF/TNLA အပါအဝင် မြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များတွင် လေယာဉ် ပစ်ဒုံးများ လွန်ခဲ့သည့် နှစ်နှစ်ကျော် အချိန် ကတည်းက ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။
“ဒီလေယာဉ်ပစ်ဒုံးကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေမှာ ရှိနေတာ ကြာပါပြီ။ သိပ်ထူးဆန်းတဲ့ ကိစ္စ တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ကစပြီး ရှိနေပြီလို့ပဲ ကျနော်တို့ ဒေသခံတွေ၊ စစ်မြေပြင် သတင်းတွေ အရဆိုပါတယ်။ ဒီ “ဝ” တပ်ဖွဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာလည်း လေယာဉ်ပစ်ဒုံး အမြောက် အမြားကို ထုတ်ပြသွားတာ တွေ့ရပါတယ်။ အဲ့တော့ မြောက်ပိုင်းအဖွဲ့တွေမှာ ဒီလက်နက် လေယာဉ်ပစ်ဒုံးရှိတာ သိပ်ဆန်းတဲ့ကိစ္စတော့မဟုတ်ဘူး။”
PSLF/TNLA အဖွ့ဲတွင် လေယာဉ်ပစ်ဒုံးလက်နက် မည်မျှရှိကြောင်းမေးမြန်းရာ စစ်ရေးကိစ္စဖြစ်သောကြောင့် အတိအကျဖြေရန် အခက်အခဲရှိကြောင်း၊ သို့သော်လည်း ၎င်းတို့အဖွဲ့အနေဖြင့် မြောက်ပိုင်းတိုက်ပွဲများတွင် အသုံးပြုခဲ့ခြင်း မရှိသေးကြောင်းသာ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
တိုက်ပွဲများတွင်း လေယာဉ်ပစ်ဒုံး အသုံးပြုခြင်း မပြုခြင်းကိစ္စနှင့် ပတ်သက်၍ ဦးမောင်မောင်စိုးက“နှစ်မျိုး ဖြစ်နိုင်တယ်၊ တစ်မျိုးကတော့ တိုက်ပွဲတွေမှာ ပစ်ခတ်ခဲ့သော်လည်း မှန်တာမရှိလို့လည်း ဖြစ်နိုင်ပါ တယ်။ နောက်တစ်မျိုးကတော့ လေယာဉ်ပစ်ဒုံးကျည်တန်ဖိုးက သိပ်ဈေးကြီးတဲ့အတွက် မလိုအပ်ပဲနဲ့ မပစ်တာမျိုး၊ သိပ်အခက်အခဲအကြပ်အတည်းမဟုတ်လို့ မဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလက်နက်တွေကို သုံးမယ်ဆိုရင် တိုက်ပွဲတွေက ပိုပြီး ပြင်းထန်လာနိုင်တယ်။ အရပ်သားထိခိုက်မှုတွေလည်း အခုထက်ပိုပြီး ရှိလာမယ်လို့ သုံးသပ်လို့တော့ ရတယ်” ဟု သုံးသပ်သည်။
နိုဝင်ဘာလ ၂၂ ရက်နေ့က နမ့်ဆန်မြို့ နယ်၊ ဟူးခင်းကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာအနီးရှိ နေရာ ၃ နေရာအား ရှာဖွေရာ FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁ လက်အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ၈ မျိုး (ကျည်မျိုးစုံ ၄၆၂၆၅ တောင့်)၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး) နှင့် ယူနီဖောင်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
“တရုတ်နိုင်ငံလုပ် လက်နက်တော်တော်များများ ပါနေတာကို တွေ့ ရှိရမှာဖြစ်ပါတယ်။ ဥပမာ FN-6 ပေါ့နော်၊ FN-6 ဆိုလို့ရှိရင် မြေပြင်ကနေ ဝေဟင်ကိုပစ်တဲ့ လေယာဉ်ပစ်လက်နက်မျိုးဖြစ်ပါတယ်။ FN-6 က Third Generation လက်နက်မျိုးဖြစ်တာပေါ့နော်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှ ထွက်လာတဲ့ လက်နက်အမျိုး အစားဖြစ်ပါတယ်။ ဥပမာ FN-6 တစ်လက်ဆိုလို့ရှိရင်ပဲ ၂၀၀၉ ခုနှစ် ဈေးနှုန်း၊ ဒါလည်း နိုင်ငံတကာမှာ ဈေးနှုန်းတွေက အမျိုးမျိုးဖြစ်တာကိုး။ ၂၀၀၉ ခုနှစ်မှာ ရှိခဲ့တဲ့ ဈေးနှုန်းလောက်ဆိုရင်တော့ တစ်လက်ကို ဒေါ်လာ ၇၅၀၀၀ ကနေ ၉၀၀၀၀ ပတ်ဝန်းကျင်လောက်အထိ ရှိတယ်လို့ ကျနော်တို့ တွေ့ ရှိရပါတယ်” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်က ထုတ်ပြန်ထားသည့် ဖမ်းဆီးရမိသည့် သတင်းမှာ မှန်ကန်သော်လည်း ဖမ်းဆီးရမိသွားသည့် အရေအတွက်မှာ မှန်ကန်ခြင်းမရှိဟု PSLF/TNLA က ပြောသည်။
“ဒီလက်နက်ကတွေ သိမ်းဆည်းရမိတာတော့ မှန်တယ်။ ဒါပေမယ့် သူတို့ပြောတဲ့ပမာဏတော့မဟုတ်ဘူး။ ကျနော်တို့ ပြန်စီစစ်တော့ ၅၀ ကျော်လောက်ရှိတယ်။ တချို့ လက်နက်အဟောင်းတွေကတော့ ပုံထဲမှာလည်း တွေ့မှာပါ။ အဲ့ဒါတွေက ကျနော်တို့ဆီမှာမရှိဘူး” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
“သိမ်းဆည်းရမိသွားတဲ့အကြောင်းရင်း ကတော့ တလောက တိုက်ပွဲတွေကပြင်းထန်တယ်။ တချို့ ယာယီစခန်းတွေမှာ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တာတွေ ပြုလုပ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဒီလက်နက်တချို့ကို မရွှေ့လိုက်နိုင်ဘူး။ မရွှေ့လိုက်နိုင်တာတွေကို သိမ်းဆည်းရမိသွားတာဖြစ်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။
ထို့အပြင် TNLA ၏ တပ်စခန်းပေါင်း ၄၁ ခုကို သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် ကိစ္စနှင့် ပတ်သက် ၍လည်း “ဒီနောက်ပြီး စခန်းတွေသိမ်းပိုက်နိုင်တယ်ဆိုတာကတော့ တချို့က တစ်ရက်နှစ်ရက်၊ တချို့က တစ်ပတ်နှစ်ပတ်၊ တချို့နေရာက တစ်လလောက်ပေါ့ လနဲ့ချီနေတာလည်း ရှိတယ်။ သူတို့ကဘယ်လို တွက် တာလဲတော့ မသိဘူး။ ကျနော်တို့ အခိုင်အမာစခန်းလုပ်ထားတာလည်း မရှိဘူး။ အကုန်လုံးက မိုဘိုင်း(လှုပ်ရှား) စခန်း တွေပဲ။ ယာယီစခန်းတွေပဲ ဖြစ်တယ်။ အဲ့ဒါတွေကို ပြောတာဆိုရင်တော့ သူတို့ ထုတ်ပြန်တဲ့ ပမာဏလည်း ဖြစ်ရင်လည်း ဖြစ်နိုင်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ၁၈ ရက်နေ့အထိ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲ များ နေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်က ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီး များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ အနည်းဆုံး အကြိမ်ရေ ၅၀၀ ကျော်ရှိသည်ဟု ပြောသည်။
ထို့အပြင် အဆိုပါတိုက်ပွဲများတွင် တပ်မတော်က လေယာဉ်များဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဝေဟင်ထိုးစစ်များ ရှိနေသည်ဟု PSLF/TNLA က ပြောသည်။







