တိုက်ပွဲအတွင်း တပ်မတော်သား (၁၃) ဦးဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်ချက်ကို တပ်မတော်ငြင်း

တိုက်ပွဲအတွင်း တပ်မတော်သား (၁၃) ဦးဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်ချက်ကို တပ်မတော်ငြင်း
ဓာတ်ပုံ - ရက္ခိုင့်တပ်တော်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော်

ခိုင်ရိုးလ — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူ (၉) ဦးရှိကြောင်းနှင့် လက်နက်ချအညံ့ခံသော ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်း (၁၃) ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်၏ တပ်မ(၇၇)လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ(၃၁၃)တပ်ရင်းနှင့် AA တို့ ပလက်ဝမြို့နယ်၊ ကာမချောင်း(ဒေသအခေါ်-ကာရမချောင်း) အနောက်ဖက်ရှိ တောင်တန်းပေါ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် တပ်မတော်မှ ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် (၁၃) ဦးကိုဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းခြေ သေနတ် (၁၃) လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက်မှာ မှန်ကန်မှုမရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုသည်။

“အဲဒီဖြစ်စဉ်က မရှိပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းကဖြစ်ခဲ့တဲ့ (ပလက်ဝမြို့နယ်)ပကာဝတို့ မီတိုက်ဝတို့၊ စတင်ဝတို့ အဲဒီနေရာမှာ တိုက်ပွဲအကြီးကျယ်ဖြစ်ပွားခဲ့တယ်။ အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တာတွေကို ပြန်တင်ထားတာ။ လက်ရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်တဝိုက် တိုက်ပွဲတွေမှာ သူတို့(AA)အထိနာတဲ့အတွက် အဲဒီနောက်ပိုင်းက သတင်းတွေကိုပြန်တင်တာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA ၏ ထုတ်ပြန်ချက်အပေါ် ချေပပြောဆိုသည်။

တပ်မတော်သားကို ဖမ်းဆီးရမိခဲ့သည့်ဆိုသည့် ပလက်ဝမြို့နယ်တိုက်ပွဲတွင် ထွက်ပြေးနေသူများကို လိုက်လံတိုက်ခိုက်ခဲ့ကြောင်းနှင့် အထိအခိုက်အကျအဆုံးများကို မသိရသေးကြောင်း AA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

ထို့ပြင် မြေပုံမြို့နယ် အင်ကြင်းရွာနှင့် ဟင်းခရော်ရွာအကြားတွင်လည်း နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက် (၁၁) နာရီကျော်အချိန်က လက်နက်နှင့် လူအင်အားဖြည့်တင်းနေသည့် စစ်ကား(၁၁)စီးပါ ယာဉ်တန်းအား AA က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်ဘက်မှ ကျဆုံးသူ (၁၀) ဦးအထက် ရှိခဲ့ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်ကို တပ်မတော်ဘက်က အတည်ပြုထားပြီး ကားအချို့တွင် အနည်းငယ် ထိခိုက်မှုရှိခဲ့ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦး က ပြောသည်။

“အဲဒီဘက်မှာ တပ်မတော်ယာဉ်တန်းကို မိုင်းနှစ်လုံးခွဲတယ်။ ကားတွေကို မိုင်းစမှန်သွားတာပဲရှိတယ်။ ကားတွေ နည်းနည်းပျက်သွားတယ်။ ကျန်တာ လူတွေထိခိုက်တာ ဘာမှမရှိဘူး” ဟု ၎င်းကဆိုသည်။

ထိုသို့ တိုက်ပွဲမဖြစ်ပွားမီကတည်းက ရွာသာယာကျေးရွာ မြောက်ဘက်နှင့် ယောချောင်းတစ်လျှောက်အား တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် နံနက် (၁၁) နာရီကျော်အချိန်မှ ညနေ (၅) နာရီကျော်အချိန်ထိ ရဟတ်ယာဉ်ဖြင့် (၅) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း AA က ဆိုသည်။

၎င်းကျေးရွာများအနီးတွင် တိုက်ပွဲဖြစ်သံများကြားရပြီးနောက် တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း မျက်မြင် ဒေသခံကျေးရွာသားများကလည်း ပြောသည်။

ယင်းသို့ပစ်ခတ်မှုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အဆိုပါရဟတ်ယာဉ်များမှာ မသင်္ကာစရာတွေ့ရှိ၍ ပစ်ခတ်မှုများဖြစ်နိုင်ကြောင်း ဆိုသည်။

“ရဟတ်ယာဉ်တွေကတော့ လေ့ကျင့်ပျံသန်းနေတာရှိတယ်။ ပျံသန်းရင်းနဲ့ မသင်္ကာစရာတွေတွေ့ရင်တော့ ပစ်သွားမှာပေါ့ဗျာ။ ရည်းစားကိုလမ်းကြားမှာတွေ့ရင် ဘယ်သူမှလည်းမရှိရင် ပါးကိုတော့ နည်းနည်းနမ်းသွားမှာပေါ့ဗျာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက DMG ကို ပြောသည်။

ထို့သို့ တပ်မတော်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုများကို စိုးရိမ်ကာ မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာ၊ ဟင်းခရော်ကျေးရွာတို့မှ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်း သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...