ရှမ်းမြောက်တွင် နိုဝင်ဘာ လဝက်အတွင်း တိုက်ပွဲ ၃၀ နီးပါး ဖြစ်

ရှမ်းမြောက်တွင် နိုဝင်ဘာ လဝက်အတွင်း တိုက်ပွဲ ၃၀ နီးပါး ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ လဝက်အတွင်း တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား တိုက်ပွဲအကြိမ်ရေ ၃၀ နီးပါးခန့် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိ တိုက်ပွဲအကြိမ်ရေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး နှစ်ဖက်တပ်များတွင် ထိခိုက်မှုများရှိသည်ဟုလည်း  ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“နိုဝင်ဘာလထဲကိုပေါ့နော် တိုက်ပွဲအကြီးအငယ် အကုန်လုံးကတော့ ဒီလထဲမှာတော့ ၃၀ နီးပါးလောက် ရှိတယ်၊ ထိခိုက်မှုကတော့ နှစ်ဘက်စလုံးက ရှိတယ်။ ထိခိုက်မှု အသေးစိတ်ကတော့ မသိရသေးဘူး”

နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များတွင် တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု TNLA က ပြောသည်။  

“လေယာဉ်နဲ့လာတိုက်တာကတော့ ဒီ ၁၅ ရက်နေ့ ၁ ကြိမ်၊ ၁၆ ရက်နေ့ ၁ ကြိမ်တော့ ရှိတယ်၊ နှစ်ရက်ဆက် တိုက် လေယာဉ်ကတော့ ၂ စီးဖြစ်တယ်”  ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဗိုလ်မှူးမိုင်းအိုက်ကျော် ကပြောသည်။

တပ်မတော်ဘက်မှ ရုပ်အလောင်း ၅ လောင်း၊ လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းမီးကျောက်မျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်ဘက်က လက်နက်ကြီးများ သာမက  ဝေဟင်ထိုးစစ်များပါ အသုံးပြုခဲ့သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။

“ဒီကျောက်မဲ တပ်စခန်းကနေရယ်၊ ဒီမိုင်းငေါ့ တပ်စခန်းကနေရယ် ဒီလက်နက်ကြီး ၁၀၅ မမ ၊ ၁၂၀ မမ တွေနဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကနေတော့ ဒီနေ့အထိပေါ့နော် တောက်လျှောက်တော့ ပစ်တယ်။ ဒီခွန်ကော်ရွာတွေ ဒီကျနော်တို့ရှိတဲ့ဘက်ပေါ့၊ အဲလိုမျိုးတောင်ပေါ်မှာ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်တယ်။”

ကျောက်မဲမြို့နယ်အတွင်းရှိ ခွန်ကော်၊ တော့ဖယ်၊ နားလွေးကျေးရွာများဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၃၀၀ ကျော်ခန့် စစ်ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောသည်။

 

တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောရေးဆိုခွင့်ရှိသူူ လွေးချိဆငါး က “မနေ့ကတည်း ဒီလက်နက်ကြီး ရွာထဲမှာ ကျရောက်တာတို့ ဘေးမှာ ကျရောက်တာတို့ ထွက်ပြေးရတဲ့ လူတွေရှိတယ်။ ၃၀၀ ကျော်လောက်တော့ ထွက်ပြေးရတဲ့လူတွေတော့ရှိတယ်။ သူတို့ထွက်ပြေးလာတဲ့ ရွာတွေကတော့ တော့ဖယ်အုပ်စုထဲက တော့ဖယ်ပါမယ်၊ နားလွေးပါမယ်၊ အဲဒီရွာတွေ က ပြေးကြတယ်။ ပြေးတာကတော့ နှစ်နေရာတော့ ရှိတယ် တချို့ ကျတော့ ကျောက်မဲမြို့နယ် မန်ခေါက်ရွာတွေ ပြေးလာကြတယ်။ တချို့ကျတော့ နမ့်ဆန်မြို့နယ် ပန်နင်းရွာကို သွားကြတယ်။ အဲမှာ သွားကြတယ်” ဟု ပြောသည်။

 

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ကျောက်မဲ ဒေသခံများက ပြောသည်။

“မနေ့က ခုံငင်းမှာ အယောက် ၂၈၃ ဦး ပန်နင်းကျေးရွာ နမ့်ဆန်မြို့ နယ်ကို ပြောင်းရွှေ့ သွားပါတယ်၊ ခုံငင်းရွာမှာ ရေအခက်အခဲ ရှိတယ်။ ရွာအောက်မှာ ရေဆင်းခက်ရတယ်၊ နေဖို့ထိုင်ဖို့က သူတို့က အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ရောက်လာတော့ အိပ်ရာ စောင်တွေ ချမ်းတဲ့အခါကျတော့ စောင်တွေ မလုံလောက်ဘူး။ အဝတ်အစားလည်း အဆင်မပြေဘူး။ ရွာက အိမ်ခြေနည်းတော့ မထောက်ပံ့နိုင်ဘူး။ အဲကြောင့် သူတို့၂ ရက် လောက်နေပြီးတော့ ပန်နင်းရွာဘက် ပြောင်းရွေးသွားတယ်။ မန်ုခေါက်ရွာမှာ ၅၇ ဦးရောက်ရှိနေတယ်”ဟု ဒေသခံ အိုမ်ခငါး က ပြောသည်။

အဆိုပါဒေသများအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်များ၊  ကျွဲ နွား အစရှိသည့် အိမ်မွေးတိရစ္ဆာန်များနှင့် စာသင်ကျောင်းများပါ ထိခိုက်ပျက်စီးမှုများ ရှိနေသည့်အပြင် ရွာသားအချို့လည်း အနည်းငယ်ဒဏ်ရာရရှိမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

၎င်းတိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

တိုက်ပွဲဖြစ်ရခြင်းနှင့် ပတ်သက်၍ PSLF/TNLA က “အဓိက တိုက်ပွဲဖြစ်တဲ့ အကြောင်းအရင်းကတော့ ထိုးစစ်ပေါ့နော်၊ ကျောက်မဲဘက်မှာ ဖြစ်တာကတော့ ကျနော်တို့ တပ်စခန်းရှိတဲ့နေရာက ဒီတပ်မတော်က လာတိုက်လို့ အဲကနေ စပြီးမှ တိုက်ပွဲဖြစ်တာ။ အဲကြောင့်မို့ တောက်လျှောက် တိုက်ပွဲဖြစ်တာ ဒီထိုးစစ်ကြောင့် ဒီလိုမျိုး တိုက်ပွဲဖြစ်တာပေါ့” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ဆန်၊ လားရှိုး၊ သီပေါ၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာ ဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများကို ရပ်တန့်ပေးရန် နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ယခုရက်ပိုင်းအတွင်း လားရှိုးမြို့ အတွင်းဖြစ်ပွားခဲ့သည့် ရှော့တိုက်ဒုံးဟု ယူဆရသည့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရမှုမှာ ဒေသခံ အရပ်သား ပြည်သူများ၏ နေအိမ်များကို ထိခိုက်ပျက်စီးစေခဲ့ခြင်းသည် အရပ်သား ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာနေပြီဟု ထောက်ပြထားသည်။

တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန်၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ဥပဒေများကို ကျူးလွန်ခြင်းများ မပြုလုပ်ကြရန် နှစ်ဖက်တပ်များကို ထောက်ပြတောင်းဆိုထားသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...