ရှမ်းမြောက်တွင် ၅ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်၊ အရပ်သား ထိခိုက်မှု ရှိ

ရှမ်းမြောက်တွင် ၅ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်၊ အရပ်သား ထိခိုက်မှု ရှိ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ၅ ရက်ဆက်တိုက်ဖြစ်နေပြီး အရပ်သား ထိခိုက် ဒဏ်ရာရမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်မဲ၊ နမ့်ဆန်၊ နမ့်ဖက်ကာနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား နိုဝင်ဘာ ၁၁ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ဒီနေ့မနက်ပဲ တစ်ယောက်ထပ်ပို့လိုက်တယ်။ မနေ့က ထိတဲ့တစ်ယောက်ကိုလေ၊ နမ့်ဖက်ကာ ကြံခင်းမှာ လက်နက်ကြီးထိတဲ့လူလေ မူဆယ်ဆေးရုံကြီးကိုပဲ၊ ဒဏ်ရာက လက်နက်ကြီးအစထိတာ၊ ကြံခင်းစောင့်တဲ့ တရုတ် ဘိုးတော် အသက် (၆၀) အရွယ်ပေါ့၊ ဒဏ်ရာက လက်ကောက်ဝတ်မှာ တချက်၊ ပုခုံးမှာတစ်ချက်၊ ပေါင်မှာတစ်ချက်ပေါ့၊ သုံးချက်ပေါ့။ ဲ” ဟု နမ့်ဖက်ကာ မေတ္တာရှင် လူမှုကူညီရေးအသင်း နာယက ဦးကျော်ဝင်း က ပြောသည်။

ယနေ့နံနက် စစ်တပ်ကုန်ဘက်မှ လက်နက်ကြီး ၂ ချက်ပစ်ခတ်ခဲ့ပြီး ရှုခင်းသား တာဝါတိုင်း အနီး ကားများ ပိတ်မိနေသည်ဟု သူက ဆက်ပြောသည်။

“ဒီ ၁၃ ရက်နေ့ ညနေပိုင်းက မိုင်းယုလေးရွာဘက်ကနေ နမ့်ဖက်ကာဘက်ကို ပြန်လာတဲ့ ဆိုင်ကယ်ပေါ့ ဆိုင်ကယ် ၂ စီး ရင်ခွဲတောင်အကျော်လေးမှာ သေနတ်နဲ့ အပစ်ခံရတယ်၊ သံဃာတစ်ပါးနဲ့ ရွာသားတစ်ယောက် ထိသွားတယ်။ အခုတော့ ကျနော်တို့ နမ့်ဖက်ကာတိုက်နယ်ဆေးရုံကနေ မူဆယ်ဆေးရုံကြီး ကို ပြောင်းပေးထားတယ်။”

ထို့အပြင် ကွတ်ခိုင်မြို့အဝင် လွယ်ဆမ်စစ်(တောင်သုံးဆယ်) တဝိုက်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ဧလျာဇာ ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းကြိုကားတစ်စီး အား သေနတ်ကျည်ထိမှန်ခဲ့ရာ (၂) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။

ကွတ်ခိုင်မြို့ က ကရုဏာလူမှုကူညီရေးအသင်းက “ဒီ ၁၄ ရက်နေ့ မနက်ပေါ့ တောင်သုံးဆယ်နားမှာ ပစ်နေကြတော့ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းကြိုကား သေနတ်ထိသွားတယ်။ အဲ့မှာ အသက် ၂၁ အရွယ် ကားမောင်းတဲ့လူတစ်ယောက်နဲ့ ကိုယ်ပိုင် ကျောင်းက ဆရာတစ်ယောက်ပေါ့ သူတို့နှစ်ယောက် ကို ထိသွားတယ်။ ဒီနောက်ပြီးတော့ ကွတ်ခိုင်ဂေါက်ကွင်းနားမှာလည်း ခရီးသွားကားပေါ့ သေနတ်ပစ်ခံရတာတွေရှိတယ်။ ဘယ်နှစ်စီးဆိုတာ အတိအကျတော့ မသိသေးဘူး။ လမ်းလည်း ပိတ်လိုက် ဖွင့်လိုက်ပဲ” ဟု ပြောသည်။

“ပြီးတော့ ၁၃ ရက်နေ့ကလည်း TEC တအာင်းဘော်ဒါဆောင်က ကလေးတွေနဲ့ ဆရာ/မ ၇၀ ကျော် ၈၀ ကို သွားကူညီပြီး ပြောင်းရွှေ့ပေးရသေးတယ်။ ကျောင်းထဲကိုလည်း လက်နက်ကြီးတွေ ကျတယ်လေ။” ဟု ဆက်ပြောသည်။

အလားတူ ကျောက်မဲမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၅ ရက်နီးပါးခန့်ရှိပြီ ဖြစ်ပြီး ဒေသခံများ အထိတ်တလန့်ဖြစ်နေရသည်ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

“ကျောက်မဲမှာတော့ ဒီ ၁၀ ရက်နေ့ ၁၁ ရက်နေ့ကတည်းက ဖြစ်နေတာ။ ဒီနေ့အထိ နေ့တိုင်းပဲ။ ကျနော်တို့ ကျောက်မဲနဲ့လည်းမဝေးဘူး။ ပလောင်ရွာတွေဘက် မှာ ဖြစ်နေ တာပဲ။ ကျောက်မဲရဲ့ အရှေ့မြောက်ဘက်လောက်ပေါ့၊ ၁၂ မိုင်လောက်ပဲဝေးတယ်။ အဲ့ဒီဘက်က ပလောင် ရွာတွေဘက်မှာပေါ့၊ အဲ့ဒေသတွေကို တပ်မတော်စစ်ကြောင်းတွေက စစ်ဆင်ရေးလုပ်တာပေါ့။ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်။” ဟု ပြောသည်။ သတင်း မေးမြန်းသည့် အချိန်အထိ ကျောက်မဲတဝိုက်တွင် အရပ်သား ထိခိုက်မှု မရှိသေးကြောင်းလည်း ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၁၀ ရက်နေ့က နမ့်ဆန်မြို့နယ် လွယ်ပိန်းကျေးရွာက နေအိမ် (၂) လုံးလည်း မိုင်းငေါ့မြို့နယ် အခြေစိုက် မြန်မာ့တ့ပ်မတော် တပ်စခန်းကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်း ရှမ်းမြောက်ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က လည်း ယခုကဲ့သို့ ပြောသည်။

“ကျောက်မဲနဲ့ နမ့်ဆန်အစပ်မှာလည်း မနက်ကတည်းက ဖြစ်တယ်။ ဖြစ်လိုက်နားလိုက်ပဲ။ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားမှာလည်း ဖြစ်ေ နတယ်။ ဖြစ်လိုက်နားလိုက်ပဲ။ တိုက်ပွဲက ရပ်သွားတာ မရှိသေးဘူး။ အဓိက ထိုးစစ်များလာလို့ ပိုပြီးပြင်းထန် လာတာပါ။ ဒီရက်ပိုင်းဆိုရင်တော့ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ဆက်တိုက်ဖြစ်နေတာ။ တပ်ဘက်က စစ်အင်အားအလုံးအရင်းနဲ့ ကျနော်တို့ကို တိုက်ခိုက်တာပေါ့” ဟု ပြောသည်။

“RCSS ကို တစ်ခေါက်ရှင်းတာရှိတယ်။ အဲ့နောက်မှာ သူတို့ကဝင်လာတာရှိတယ်။ အဲ့ကနေ ဒီမိုင်းငေါ့စခန်းကရော လက်နက်ကြီးတွေနဲ့ ကျနော်တို့ရှိနေတဲ့ ယာယီစခန်းနေရာတွေရော၊ ကျေးရွာတွေထဲကိုရော လက်နက်ကြီးပစ်ခတ်တာတွေရှိတယ်။ လက်နက်ကြီးအကြိမ်ရေ ၁၅၀ ကျော်လောက် ပစ်ခတ်တယ်။ ဒါကြောင့် မလွှဲမရှောင်သာလို့ ပြန်လည်ခုခံတဲ့ပုံစံမျိုး ပြန်ဖြစ်တာဖြစ်တယ်။”

ကျောက်မဲမြို့နယ်၊ တောဖယ်ကျေးရွာအနီးတွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး၊ နှစ်ဖက်တပ်များ ရှိနေသေးသည့်တွက် ဒေသခံရွာသားအချို့ စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု ပြောသည်။

ထို့အပြင် ကျောက်မဲမြို့ ရှိ အမြောက်တပ်နှင့် မိုင်းငေါ့မြို့နယ်ခွဲရှိ အစိုးရတပ်မတော် တပ်စခန်းမှ PSLF/TNLA ၏ ယာယီတပ်စခန်းရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်အတွင်း အချို့သော တအာင်းကျေးရွာများထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့်အတွက် နေအိမ်အချို့ ပျက်စီးခဲ့ရသည်ဟု PSLF/TNLA က ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ဘေးလွတ်ရာ ထွက်ပြေးတိန်းရှောင်နေရသူများလည်း ရှိသည်ဟု ပြောသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...