ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များမှာ စခန်းချထားသည့်မြေနေရာအတွက် မြေတစ်ဧကလျှင် တစ်နှစ်စာ (၅)သိန်းနှုန်းဖြင့် (၅)ဧကအတွက် ငွေကျပ်(၂၅) သိန်းကို လယ်ပိုင်ရှင်ထံပေးရမည်ဖြစ်သည်။
လက်ရှိမှာ မြေငှားရမ်းခပေးဆောင်နိုင်ခြင်း မရှိသေးသဖြင့် စစ်ဘေးဒုက္ခသည်များမှာ ၎င်းနေရာတွင် ဆက်လက်နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြသည်။
“ဒီဝါးတောင်စခန်းမှာ ၂၀၁၈ ဒီဇင်ဘာ ၃၀ နေ့ရောက်တယ်ဆိုတော့ ဖေဖော်ဝါရီလအတွင်း ကျနော်တို့ ကောင်းကောင်းနေလို့ရတယ်။ ဧပြီ၊ မေဆိုရင်တော့ သူတို့လယ်ထွန်မယ့်ကာလ ရောက်လာတော့ သူတို့ အခွန်အခလိုမယ်ဆိုတဲ့သဘောမျိုးနဲ့။ ဆိုတော့ ကျနော်တို့ကိုလည်း ရွှေ့ပါပြောင်းပါလို့ပြောတယ်။ လောလောဆယ်မှာ ကျနော်တို့မပြောင်းနိုင်ဘူး။ ရွှေ့ပြောင်းမယ့်နေရာလည်း ကျနော်တို့မှာမရှိဘူး” ဟု စခန်းတာဝန်ခံ ကိုထွန်းလှကျော်က ဆိုသည်။
လက်ရှိမှာ အရပ်ဖက်အဖွဲ့အစည်းများမှ ထောက်ပံ့ပေးသည့်ငွေများကို စုဆောင်း၍ မြေငှားရမ်းခပေးရန် ငွေကျပ် (၁၁) သိန်းခန့်ရရှိထားပြီး ကျန်သည့်ငွေများကို မည်သို့ဖြေရှင်းရမည်ကို အဖြေရှာမတွေ့သေးကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ကျောက်တော်မြို့နယ်အတွင်းမှ ခမောင်း၊ ပြိန်းချောင်း၊ ဂင်ပိ၊ တဲဝ၊ လေကွေ့၊ င/စရိုင်း ကိုင်း၊ ပညာဝ၊ ရှင်းမဝန်တောင်း စသောကျေးရွာများမှ လူဦးရေနှစ်ထောင်ကျော်သည် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံလာခဲ့ကြသည်။
လတ်တလောတွင် ဒုက္ခသည်များစားဝတ်နေရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ ဆန်၊ ဆီ၊ ဆား၊ ပဲ ၊ အာဟာရမုန့်များကို တစ်လတစ်ကြိမ်ထောက်ပံ့ပေးနေကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။
စစ်ဘေးဒုက္ခသည်များ၏ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်းများမှ ကူညီစောင့်ရှောက်ပေးနေသော်လည်း မပျောက်ကင်းနိုင်သည့်ရောဂါများကို မြို့ပေါ်ဆေးရုံများသို့ သွားရောက်ကုသရသဖြင့် ထောက်ပံ့ထားသည့် အစားအသောက်များကို ရောင်းချ၍သွားနေကြရကြောင်း သိရသည်။
ထို့ပြင် ဝါးတောင်စခန်း၌ KG အဆင့်မှ တက္ကသိုလ်အဆင့်ထိ ကျောင်းသား ၃၆၀ ဦးခန့်ရှိရာ ကျောင်းသားများ ပညာသင်ကြားရေးအတွက်လည်း ဆရာ၊ ဆရာမများကို အခကြေးငွေဖြင့် ငှားရမ်းပေးထားရသည်ဟု စခန်းတာဝန်ခံ ကိုထွန်းလှကျော်က ပြောသည်။
“KG ကနေ ၄ တန်းထိတော့ ဒီဝါးတောင်ကျောင်းမှာပဲ တက်ပါတယ်။ ၅ တန်း ၆ တန်းကို ကူးတိုးကူးပြီးတက်ရတဲ့ အတွက် အခက်အခဲရှိပါတယ်။ ဒီစခန်းမှာတော့ အလယ်တန်း ၅ တန်းနဲ့ ၆ တန်းကို ဆရာတစ်ဦးကို တစ်နှစ်စာ ၁၂ သိန်းနဲ့ ဆရာ ၂ ဦးငှားထားတာရှိတယ်။ ၇ တန်း၊ ၈ တန်းတွေကတော့ ကန်စောက်မှာသွားတက်ရတယ်။ အဲဒီမှာကူးတိုးခရှိတယ်။ ကျူရှင်ခ ကျောင်းသားတစ်ဦးကို ၁ သိန်းခွဲ အဲလိုမျိုးရှိပါတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိမှာ ဒုက္ခသည်များအနေဖြင့် စားဝတ်နေရေး၊ ပညာရေးများအတွက် ရုန်းကန်နေရကြကာ အလုပ်အကိုင် မရှိ၊ ဝင်ငွေမရှိသဖြင့် စခန်းအတွက် မြေငှားရမ်းခပေးရန် အခက်အခဲဖြစ်နေကြရသည်။ ယခုကဲ့သို့ ဒုက္ခရောက်နေသူများနေထိုင်သည့် မြေနေရာအတွက် မြေငှားရမ်းခ မကောက်ယူသင့်ကြောင်း စခန်းတာဝန်ခံက ဆိုသည်။
“ကျနော်တို့ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဆီက မြေခတောင်းတော့ မသင့်တော်ဘူးလို့ထင်ပါတယ်။ စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးအတွက်တောင် ဝင်ငွေမရှိတော့ ဒုက္ခဖြစ်နေတယ်။ နေထိုင်စရာမရှိလို့ ဒုက္ခရောက်နေတာကို မြေခပေးရမယ်ဆိုတော့ ကျနော်တို့ အခက်ခဲပိုဖြစ်တာပေါ့” ဟု ကိုထွန်းလှကျော်က ပြောသည်။
ထိုသို့ဒုက္ခသည်များ၏အခက်အခဲကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များလာရောက်ခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က တင်ပြခဲ့ကြသည်။
ထို့အပြင် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးဆီသို့ တင်ပြခဲ့ကြရာ အစိုးရကချပေးထားသည့် ဒုက္ခသည် စခန်းများတွင်ပြောင်းနေကြရန်မှာကြားလိုက်ပြီး ဒုက္ခသည်များမှာ အစိုးရစခန်းများတွင်နေပါက ခရီးပိုဝေးသဖြင့် အခက်အခဲပိုကြုံရမည်ဟု ဒုက္ခသည်များကဆိုကြသည်။
လက်ရှိမှာ အစိုးရကဆောက်လုပ်ပေးနေသည့် ဒုက္ခသည်စခန်းများပြီးစီးနေပြီဖြစ်သော်လည်း စားဝတ်နေရေး၊ လုံခြုံရေးကိစ္စများ လုပ်ဆောင်နေရသည့်အတွက် ဒုက္ခသည်များကိုထားရှိရန် အဆင့်သင့်မဖြစ်သေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က DMG ကို မကြာသေးမီက ပြောသည်။
စစ်ဘေးဒုက္ခသည်များအတွက် ပုဏ္ဏားကျွန်းမြို့နယ်မှ စက်မှုဇုန်၊ ရသေ့တောင်မြို့နယ်မှ ရွာသစ်ကေ၊ သောင်းဒရား၊ မြောက်ဦးမြို့နယ်မှ လေယာဉ်ကွင်း၊ မင်းပြားမြို့နယ်မှ နိဒင်၊ ဘူးသီးတောင်မြို့နယ်မှ မြောင်းနားကျေးရွာ၊ ကျောက်တော်မြို့နယ်မှ မြို့သစ်ရပ်ကွက်တို့တွင် စခန်း ၇ ခုကို အစိုးရက တည်ဆောက်ပေးလျက်ရှိသည်။







