လေးမြို့မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများသည် ဒေသခံ နှစ်သောင်းကျော်၏ ဘ၀ ရပ်တည်ရေးကို ထိခိုက်လိမ့်မည်ဟု ချင်းမြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့ (CRW) က ပြော သည်။
အဆိုပါစီမံကိန်းများကို ဒေသခံများ၏ နစ်နာမှုများကို အကာအကွယ်ပေးသည့် ဥပဒေများ၊ မူဝါဒများ ရေးဆွဲ အတည်ပြုပြီးမှသာ တည်ဆောက်သင့်သည်ဟု CRW က ပြောသည်။
လေးမြို့မြစ် (ခေါ်) လေမြိုမြစ်ပေါ်တွင် ရေကာတာစီမံကိန်း ၂ ခု တည်ဆောက်သွားမည်ဖြစ်ပြီး ဒေသခံများ နစ်နာနိုင်ကြောင်း ချင်းမြစ်ချောင်းများကွန်ရက် အဖွဲ့ က ကိုမာန်ဇခုပ် က ပြောသည်။
“ကျနော်တို့ စီမံကိန်းတစ်ခုကို အကောင် အထည် ဖော်မယ်ဆိုရင် ဥပဒေအရ အကောင်အ ထည်ဖော်ရမယ်။ လက်ရှိ ကျနော်တို့မြန်မာနိုင်ငံမှာ စီမံကိန်း တွေ ကြောင့် ဒေသခံတွေရဲ့ အခွင့်အရေးတွေဆုံးရှုံးနေရတယ်။ အကျိုးခံစားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ဒေသခံ ပြည်သူ တွေကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးတွေ၊ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးတွေ လုံးဝ မရှိဘူး။ အဲ့လိုမျိုးဖြစ်နေတဲ့အခါကြတော့ တိုင်းရင်းသားတွေရဲ့ အခွင့် အရေး၊ ပြည်သူလူထုရဲ့ အခွင့်အရေးကို ကာကွယ်ပေးဥပေ ဒတွေ ပေါ်ပေါက်ပြီးမှသာ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆိုင်တဲ့ ဥပဒေတွေ ပေါ်ပေါက်ပြီးမှသာ အကောင်အထည်ဖော်စေချင်တယ်” ဟု ပြောသည်။
သဘာဝသယံဇာတများ၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ်များအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် သုံးစွဲပိုင်ခွင့်နှင့် ပတ်သက် သည့် မူဝါဒများ၊ ဥပဒေများ ရေးဆွဲ ချမှတ်နိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပြီးမှသာ အ ထက်ပါစီမံကိန်းများကို အကောင်အထည် ဖော်သင့်သည်ဟု ကိုမာန်ဇခုပ် က ပြောသည်။
ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ က ကိုဂျီအက်(စ်)မာန် (GS Mang) က နိုဝင်ဘာလ ၄ ရက် နေ့က ရန်ကုန်မြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “ရေကာတာ ဆောက်လိုက်လို့ရှိရင် ကုန်းလမ်း မရှိတော့တဲ့အတွက် သူတို့ရဲ့ လမ်းကြောင်း ပိတ်သွားမယ့်အပြင် အနည်းဆုံး ရွာ ၅၁ ရွာကလည်း ရေအောက် ကို ရောက်သွားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်” ဟု ပြောသည်။
ပြည်နယ်နှစ်ခုဖြစ်သည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ထဲက ဒေသခံပြည်သူများ၏ အသက်မွေး ဝမ်း ကျောင်း လုပ်ငန်းများ ထိခိုက်နိုင်ပြီး ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အနေအထားများ ရှိသည်ဟု ချင်းမြစ်ချောင်းများအဖွဲ့ (CRW) က ပြောသည်။
“ဒီလေမြိုမြစ်ပေါ်မှာ ကျနော်တို့ ချင်းဘက်ကရော ရခိုင်ပြည်နယ်ကရော ဘာရှိလဲဆိုတော့ ကျနော်တို့ ဒီမြစ် ကြောင်းပေးမှာ နွေရာသီမှာ သောင်တွေဖြစ်ထွန်းပါတယ်။ ဖြစ်ထွန်းတဲ့တော်ငပေါ်မှာ မြေဆီလွှာ အင်မတန် ကောင်းပါတယ်။ အဲ့ဒီပေါ်မှာ ရာသီပေါ်သီးနှံအမျိုးမျိုးစိုက်ကြပြီးတော့ ရရှိတဲ့သီးနှံတွေကို ကျနော်တို့ ဒီမြစ် ကြောင်းအတိုင်းစုန်ဆင်းကြပြီးတော့ ရခိုင်ပြည်နယ်ကို ပို့ဆောင်ရောင်းချလေ့ရှိပါတယ်။ အဲ့လိုအသက်မွေး ဝမ်းကျောင်းပြုကြပါတယ်။ ဒီအပေါ်မှာ ရေကာတာဆောက်လိုက်လို့ရှိရင် သူတို့လမ်းကြောင်းတစ်ခုလုံးက ကုန်းလမ်းမရှိတဲ့အတွက် လုံးဝ ပျက်တောက်သွားမယ့် အနေအထားမျိူးပါ။”
လေးမြို့ မြစ်ပေါ်တွင် လျှပ်စစ်ဓါတ်အား (၆၀၀) မီဂါဝပ် ထွက်ရှိမည့် စီမံကိန်း (၁) ကို ချင်းပြည်နယ် ပလက် ဝမြို့ နယ်၊ ကိုဖေရှေကျေးရွာအနီးတွင် တည်ဆောက်သွားရန် နှင့် လျှပ်စစ်ဓါတ်အား (၁၀၀) မီဂါဝပ် နီးပါး ခန့် ထွက်ရှိမည့် စီမံကိန်း (၂) ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ်၊ စိုင်းဒင်ကျေးရွာအနီးတွင် တည် ဆောက်သွားရန် လေ့လာဆန်းစစ်မှုများ လုပ်ဆောင်နေသည်ဟု ချင်းမြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့ (CRW) က ပြောသည်။
ကိုမာန်ဇခုပ် က “ကျနော်တို့တောင်းဆိုချင်တာက အခုက အစိုးရက စီမံကိန်းဆက်လက်လုပ်သွားဖို့ရှိတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ချပြတာမျိုး ဘာတစ်ခုမှ မလုပ်ဘူး။ ပြည်သူကို အသိပေးတာတွေ ဘာမှ မရှိဘူး။ ဒါမျိုးက မဖြစ်သင့်ဘူး။ ဒေသခံတွေက အဓိကက ရေကြောင်းလမ်းကို အသုံးပြုတယ်။ သူတို့မှာ ကုန်းလမ်း ဆက်သွယ်ရေးက မရှိဘူးလို့ပြောလို့ရတယ်။ အဲ့ဒီလေမြို့ မြစ်ကို အသုံးပြုပြီးမှ သယ်ယူပို့ဆောင်တယ်။ ဆက်သွယ်သွားလာတယ်” ဟု ပြောသည်။
“နံပါတ် ၂ အနေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းက အဲ့ဒီလေမြို့ မြစ်ဘေးနားတလျှောက် က မြေနုကျွန်း တွေပေါ့ အဲ့မှာ စိုက်ပျိုးလုပ်ကိုင်စားသောက်တယ်။ အဲ့တော့ ဒီရေကာတာကို တည်ဆောက်မယ်ဆိုရင် ပထမ တစ်ချက်က သူတို့အဓိကအသုံးပြုတဲ့လမ်းကြောင်း ပြတ်တောက်သွားမယ်။ နံပါတ် ၂ က သူတို့ရဲ့ ရွာ တွေ ရေထဲမြှုပ်သွားမယ်။ နံပါတ် ၃ က သူတို့လုပ်ကိုင်စားသောက်ေ နတဲ့ မြေယာတွေ ရေအောက်ရောက် သွား မယ်။”
လေးမြို့ မြစ်ပေါ်တွ အဆိုပါ ရေအားလျှပ်စစ် (ရေကာတာ) စီမံကိန်း ၂ ခု တည်ဆောက်သွားရန် ၂၀၀၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ က ပြောသည်။
ကနဦးတွင် အဆိုပါစီမံကိန်းကို လုပ်ဆောင်ရန် ဘင်္ဂလာဒေ့ရှ်အစိုးရနှင့် သဘောတူညီခဲ့ပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်တန့်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် (NLD) အစိုးရလက်ထက်တွင် ပြန်လည် အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံ၏ အကူအညီနှင့် လုပ်ဆောင်မှုများ ပြန်လည်စတင်လာသည်ဟု ဒေသအတွင်းရှိ စောင့်ကြည့်အရေးအဖွဲ့ များက ပြောသည်။
ချင်းပြည်နယ်၊ မတူပီမြို့ရှိ ဘုံတလော ရေတံခွန်မှ မြစ်ဖျားခံလာသည့် လေးမြို့ မြစ် ခေါ် လေမြိုမြစ်သည် ရခိုင်ပြည်နယ်အတွက် ကုလားတန်မြစ်ပြီးလျှင် ဒုတိယအရေးအပါဆုံး မြစ်ဖြစ်သည်။
အဆိုပါမြစ်သည် မတူပီ၊ပလက်ဝ၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်တို့မှတဆင့် ဘင်္ဂလား ပင်လယ်အော်ထဲသို့ စီးဝင်သွားသည့် မြစ်တစ်စင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ မြစ်ကြောင်း တစ်လျှောက် မြေနုကျွန်းများပေါ်တွင် ဒေသခံများက ဆန်စပါး၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးလုပ် ကိုင်ကြသည်ဟု ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ က ပြောသည်။







