ပူတာအိုရှိ တိုင်းရင်းသားစာပေသင် ဆရာအချို့ လနှင့်ချီ၍ လစာမရ

ပူတာအိုရှိ တိုင်းရင်းသားစာပေသင် ဆရာအချို့ လနှင့်ချီ၍ လစာမရ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်း သားစာပေ သင်ကြားပေးနေသည့် ကျောင်းဆရာ/မ များသည် ကျောင်းစတင်ဖွင့်လှစ်ချိန်မှ ယနေ့အချိန်အထိ လုပ်ခလစာများမရကြသေးဘူးဟု ဆရာ/မ များ က ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းစတင်ဖွင့်ချိန် ဇွန်လမှစတင်ကာ အောက်တိုဘာ လ(ယနေ့)အချိန်ထိ လုပ်ခလစာများ မရရှိကြသေးခြင်းဖြစ်သည်ဟု ကျောင်းဆရာ/မ များ က ပြောသည်။

ဆွမ်ပရာဘွမ်မြို့ ရှိ အစိုးရအထက်တန်းကျောင်းတွင် ဂျိမ်းဖောစာသင်ကြားပေးနေသည့် ဆရာ ဦးဇော်နန်က “လခကတော့ ကျောင်းစဖွင့်ကတည်းက အခုချိန်ထိ မရသေးတာပါ။ စာကတော့ နေ့စဉ်ပုံမှန် သင်ပေးနေပါတယ်။ ကျောင်းစဖွင့်ချိန်ကနေ ဒီနေ့ ၁၀ လပိုင်းအထိ စာသင်ပေးနေတာပါ။ မူလတန်းကျောင်း ကလေးတွေကို သင်တာပါ။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးတွေကို ဂျိမ်းဖော စာသင်ပေးတာပါ။ ဒီမှာတော့ ကျနော်နဲ့ ဆရာမတစ်ယောက်ပေါ့” ဟု ပြောသည်။

ဆွမ်ပရာဘွမ်မြို့တွင် အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်းနှင့် အလယ်တန် းကျောင်း (၁၀) ကျောင်းခန့်ရှိပြီး အဆိုပါကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားပေးနေသူ ဆရာ/မ (၁၀) ဦး ခန့်ရှိသည်ဟု ပြောသည်။

“ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတော့ တိုင်းရင်းသားစာသင်ဖို့ ဆရာ/မ ၁၀ ယောက်ရှိတယ်။ ယဉ်ကျေးမှုအဖွဲ့ကလည်း အစိုးရက လစာပေးမယ်လို့ ယုံကြည်ထားတယ်။ အစိုးရကလည်း ကတိပေးထားပြီး အခုထိ လစာက မပေးဘူး။ အခုထက်ထိတော့ မရသေးဘူး။ သူတို့လစာမပေးရင်လည်း ကလေးတွေကိုတော့ စာက သင်ပေးနေရတာပဲ။ လစာလည်း မရဘူး။ လိုအပ်တာတွေကို ကူညီတာလည်း မရှိဘူး။”

ဆွမ်ပရာဘွမ်မြို့ရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေကို ၂၀၁၆ ခုနှစ်မှ စတင်သင်ကြားခွင့်ရခဲ့သည်ဟု ဆရာဦးဇော်နန် က ပြောသည်။ ဆွမ်ပရာဘွမ်မြို့ရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေများဖြစ်ကြသည့် ဂျိမ်းဖောစာပေ၊ လီဆူစာပေများကို သင်ကြားပေးနေသည်ဟု ဆရာဦးဇော်နန်က ပြောသည်။

“အချိန်ကုန်တယ်၊ လခလည်းမရဘူး။ စာလာမသင်ဘူးဆိုရင်လည်း ကိုယ့်ကချင်ကလေးတွေ စာမတတ်တော့မှာ စိုးရိမ်။ တကယ်လို့ ဒီနေရာမှာ စာသင်နေတာမျိုးမဟုတ်ဘူးဆိုရင် ကိုယ့်မိသားစုကိုယ်ထောက်ပံ့ပေးနိုင်တယ်။ အခုတော့ မထောက်ပံ့နိုင်တော့ဘူး။ ကလေးကျောင်းစရိတ်က အစ ခက်ခဲကုန်တယ်။ အပြင်မှာ ဝင်ငွေကလည်း ရှာလို့မရတော့ဘူး။ ကျောင်းမှာ ဆရာလုပ်နေတော့ အခုဆိုရင် ကျောင်းဆင်းချိန် အားတဲ့အချိန်မှာ အပြင်မှာ ရတဲ့အလုပ်လုပ်ပြီး မိသားစုစားဝတ်နေရေးနဲ့ ကလေးကျောင်းကိစ္စတွေကို ထောက်ပံ့နေရတယ်” ဟု ဆရာဦးဇော်နန် က ဆက်ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှစတင်၍ သက်ဆိုင်ရာ ပြည်နယ်များတွင် တိုင်းရင်းသားစာပေများ သင်ကြားခွင့်ကို တရားဝင် စတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့သင်ကြားခွင့်ပြုခဲ့သော်လည်း ထိရောက်သည့် ကူညီမှုများ မရရှိသေးဘူးဟုလည်း တိုင်းရင်းသားရိုးရာ စာပေယဉ်ကျေးမှု အဖွဲ့များက ပြောသည်။

“သင်ကြားတဲ့အပိုင်းမှာ တော်တော်လေးအခက်အခဲရှိတယ်။ ထောက်ပံ့မှုပိုင်းဆိုင်ရာတွေမှာပေါ့။ နောက်ပြီး စာပေကွဲလွဲမှုတွေကြောင့်လည်း အခက်အခဲတွေ တော်တော်လေးကြုံရတယ်။ ကျနော်တို့ ကချင်မျိုးနွယ်စုက ၆ မျိုးရှိတယ်။ ၆ မျိုးနွယ်စုရဲ့ သဘောထားကွဲလွဲမှုတွေလည်း ရင်ဆိုင်ရတယ်” ဟု ကချင်မျိုးနွယ်များ ရိုးရာယဉ်ကျေးမှု လူငယ်ဗဟိုဌာန ဥက္ကဋ္ဌ ကိုဇုတ်ဒေါ့စောမ်နော် က ပြောသည်။

“နောက်ပြီး တိုင်းရင်းသားစာပေသင်တာကို သိပ်အားမပေးတဲ့ပုံစံမျိုးတွေလည်း ရှိနေသေးတယ်။ ကျနော်တို့ ကချင်စာတွေသင်ပြီဆိုရင် လက်နက်ကိုင်တွေနဲ့ ဆက်စပ်တယ်လို့မြင်တဲ့ အမြင်တွေကလည်း ရှိနေသေးတယ်။ ဆိုတော့ ကလေးတွေကလည်း သိပ်မသင်ချင်ကြတော့ဘူး။ မိဘတွေကအစပေါ့။ သိပ်အချိန်မပေးတော့ဘူး။ စာသင်ချိန်ရဲ့ နောက်ဆုံးအချိန်ဆိုတော့ သင်ကြားရတာလည်း ခက်ခဲတယ်။”

၂၀၁၃ ခုနှစ်မှ စတင်၍ တိုင်းရင်းသားပြည်နယ်များအလိုက် အခြေခံစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေများ သင်ကြားခွင့်ပြုလိုက်သော်လည်း သင်ရိုးညွန်းတန်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများကို ထိရောက်စွာ ပံ့ပိုးပေးမှုများမရှိသည့်အပြင် သင်ကြားပို့ချပေးမည့် ဆရာ/မ များလည်း အလုံအလောက်မရှိဘူးဟု စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ထောက်ပြထားသည်။

အစိုးရ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ တခြားသော ဆရာ/ဆရာမများ၏ ပူးပေါင်းပါဝင်မှုများလည်း အတော်အားနည်းနေသေးသည်ဟု ကချင်မျိုးနွယ်များ ရိုးရာယဉ်ကျေးမှု လူငယ်ဗဟိုဌာန ဥက္ကဋ္ဌ ကိုဇုတ်ဒေါ့စောမ်နော် က သုံးသပ်သည်။

ကချင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ကချင်စာပေ အပါအဝင် အခြားတိုင်းရင်းသားစာပေများအား သင်ကြားပို့ချပေးရန် သက်ဆိုင်ရာ စာပေရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အစိုးရပညာရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ကချင်တိုင်းရင်းသားမျိုးနွယ်စု ၆ မျိုးနှင့် ရှမ်းတိုင်းရင်းသားများ၏ သက်ဆိုင်ရာ စာပေများ သင်ကြားပေးလျှက်ရှိသည်ဟု သိရသည်။

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...