မြန်မာ တိုင်းရင်းသား သတင်းမီဒီယာများ၏ အကြီးဆုံး မီဒီယာညီလာခံကို နိုင်ငံမြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု နှင့် ဒုက္ခသည်ပြဿနာများ ကြံနေရသည့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် သုံးရက်ကြာ ကျင်းပခဲ့သည်။
“တရားမျှတမှုအတွက် တိုင်းရင်းမီဒီယာ” ဆောင်ပုဒ်အောက် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို မြစ်ကြီးနားမြို့ ကချင်ရိုးရာမနောကွင်း Majoi Gawknu (မဂျွယ်ခန်းမ)တွင် စက်တင်ဘာလ ၁၆ မှ ၁၈ ရက်ထိ ပြုလုပ်ခဲ့သည်။
တိုင်းရင်းမီဒီယာညီလာခံပြုလုပ်ရသည့်အဓိက ရည်ရွယ်ချက်မှာ ‘တိုင်းရင်းမီဒီယာများ ရေရှည် တည်တံ့ရေး၊ သတင်းထောက်များ၏ လုံခြုံရေးနှင့် အကာအကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ပေါ်ထွန်းလာရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီတည်ဆောက်မှုမှာ အထောက်အကူပြုနိုင်ရန် ဖြစ်ကြောင်း’ ညီလာခံကို အိမ်ရှင်အဖြင့် လက်ခံကျင်းပသည့် ကချင်သတင်းဌာန KNG မှ Lagwi Htang Ying (လဂွေထန့်ယိန်း) ကဆိုပါသည်။
ညီလာခံကို သတင်းမီဒီယာများနှင့် လူမှုအဖွဲ့အစည်းများက သတင်းသမားများ၏ လွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ၏ လုံခြုံရေး၊ တိုင်းရင်းမီဒီယာများ၏ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ကချင်ဒေသအတွင်းရှိ ပဋိပက္ခများ၊ စစ်ဘေးရှောင်စခန်းမှ ဒေသခံများ၏ အခက်အခဲများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ စသည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြသည်။
တစ်နှစ်တစ်ကြိမ်ကျင်းပသည့် တိုင်းရင်းမီဒီယာညီလာခံကြောင့် ပြည်နယ်အတွင်း တိုင်းရင်းသားမီဒီယာများအတွက် ရလဒ်ကောင်းများရရှိနေကြောင်းကို ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ နှင့် ကရင်သတင်းစဉ် KIC အယ်ဒီတာ ဆရာမ နန့်ဖေါးဂေ က ယခုလို ပြောပါသည်။
“ပြောရမယ်ဆိုရင် သတင်းဌာနကြီးတွေက တိုင်းရင်းသားသတင်းတွေ ရေးရမယ်ဆိုပြီးတော့ ပြည်နယ်အသီးသီးမှာ ဒေသအခြေစိုက် သတင်းထောက်တွေ ထားရှိလာခြင်းအားဖြင့် တိုင်းရင်းသားပြည်သူ့အသံ သတင်းတွေကို ရေးသားဖော်ထုတ်လာတဲ့ဟာတွေရှိတယ်။ ဒါက တိုင်းရင်းသား မီဒီယာညီလာခံကျင်းပခြင်းရဲ့ ရလဒ်တစ်ခုလို့ သုံးသပ်ချင်တယ်” ဟု သူမ က ဆိုပါသည်။
ထို့အပြင် တိုင်းရင်းမီဒီယာညီလာခံရှိခြင်းအားဖြင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားမီဒီများ အချင်းအချင်း ချိတ်ဆက်မှု ပိုမိုအားကောင်းလာပြီး လက်ရှိတိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာများကို ဖလှယ်ခြင်းအားဖြင့် ကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိလာနိုင်သည်ဟု အစည်းအဝေးတက်ရောက်သူ ရှမ်းသံတော်ဆင့် SHAN မှ အယ်ဒီတာ စိုင်းမိဏ်း က ယခုလို ပြောသည်။
“ကျနော်အနေနဲ့ပြောရမယ်ဆိုရင် ညီလာခံရှိခြင်းအားဖြင့် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အချင်းချင်းဖလှယ်လို့ရတယ်။ အခုဆိုရင် သတင်းထောက်တော်တော်များများ ဒီကချင်ပြည်နယ်ကို ရောက်ဖူးတာသိပ်မရှိဘူး။ ပြီးရင် တစ်ချို့က ဒီကချင်ပြည်နယ်မှာဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ ဒုက္ခသည်အရေးတွေ၊ ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးတွေ၊ ခရီးသွားအခက်အခဲတွေ ဒါတွေကို အားလုံးက သိသွားမယ်ဖြစ်တယ်။ ဒါကြောင့် နှစ်စဉ်ပြုလုပ်တယ် ဆိုတာက ပြည်နယ်တစ်ခုတိုင်းစီရဲ့ အဖြစ်အပျက်တွေကို သတင်းသမားတွေသိသွားမှ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရရှိလာမယ် ဖြစ်တယ်” ဟု သူကဆိုသည်။
တိုင်းရင်းမီဒီယာညီလာခံ တက်ရောက်လာသူများက သတင်းသမားများအတွက် သတင်းရပိုင်ခွင့် ပိုမိုအားကောင်းလာစေရန်နှင့် သတင်းသမားများ၏ လုံခြုံရေး၊ တိုင်းရင်းသားမီဒီယာမူဝါဒ မူကြမ်းတစ်ခုထွက်ပေါ်လာရန်အတွက် တောင်းဆိုချက် (၆)ချက်ဖြင့် သဘောထားထုတ်ပြန်ပါသည်။
တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ ခုနှစ်မှစ၍ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နိုင်ငံတကာမြန်မာသတင်းအဖွဲ့ BNI နှင့် သက်ဆိုင်ရာ ပြည်နယ်အခြေစိုက် သတင်းဌာနတို့ ပူးပေါင်းကာ နှစ်စဉ် ကျင်းပလာခြင်းဖြစ်သည်။
ယခုနှစ် ကချင်ပြည်နယ်တွင် ကချင်သတင်းဌာန (Kachin News Group)မှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၇)ကြိမ်မြောက် တိုင်းရင်းမီဒီညီလာခံ သို့ နိုင်ငံတဝန်းမှ တိုင်းရင်းသား သတင်းသမားများ စုစုပေါင်း ၃၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။







