ဘုရားပေါ်တွင် တပ်မတော်သားများ နေထိုင်မှုမရှိကြောင်း ငြင်းဆို၊ ဗုဒ္ဓဘာသာဝင်ဖြစ်၍ သန့်ရှင်းရေး လာလုပ်ခြင်းသာဖြစ်ကြောင်း တပ်မတော်ပြော

ဘုရားပေါ်တွင် တပ်မတော်သားများ နေထိုင်မှုမရှိကြောင်း ငြင်းဆို၊ ဗုဒ္ဓဘာသာဝင်ဖြစ်၍ သန့်ရှင်းရေး လာလုပ်ခြင်းသာဖြစ်ကြောင်း တပ်မတော်ပြော

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျောက်တော်မဟာမြတ်မုနိဘုရား ပရဝုဏ်အတွင်း တပ်မတော်သားများ ဝင်ရောက်နေထိုင်ခြင်းများရှိနေေကြာင်း ကျောက်တော်မြို့နယ်သံဃနာယကအဖွဲ့မှ မိန့်ကြားသည်။

မဟာမြတ်မုနိဘုရာဝင်းအတွင်းတွင် ယခင်က လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အချို့သာရှိသော်လည်း ယခုအခါတွင် တပ်မတော်မှ ဝင်ရောက်နေထိုင်နေသည်မှာ တစ်လခန့်ရှိနေပြီဖြစ်ကြောင်းနှင့် တပ်မတော်သား အင်အား ၂၀၀ ကျော်ခန့်မှာ ဘုရားဝင်းအတွင်း ဆွမ်းစားဆောင်၊ သံဃာ့အဆောင်စသော အဆောက်အအုံများမှာ တည်းခိုနေကြခြင်းဖြစ်ကြောင်း မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသောပနက မိန့်သည်။

တပ်မတော်သားများအနေဖြင့် ဘုရားတွင်နေထိုင်ခြင်းမရှိဘဲ ဗုဒ္ဓဘာသာဝင်များဖြစ်၍ ဘုရားတွင် သန့်ရှင်းရေး လာလုပ်ခြင်းသာဖြစ်နိုင်ကြောင်း အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“(တပ်မတော်သားတွေ) ဘုရားမှာမနေပါဘူး။ ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ ဘုရားထဲမှာ သန့်ရှင်းရေးလာလုပ်တာ ဖြစ်မှောပါ့။ နေတာမှမဟုတ်တာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောသည်။

လက်ရှိတွင် မဟာမြတ်မုနိဘုရားပရဝုဏ်အတွင်း တပ်မတော်သားများနေထိုင်နေသည့်အတွက် မြို့နယ်သံဃနာယကအဖွဲ့နှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ တပ်မတော်နယ်မြေတပ်ရင်းမှူးထံ မေတ္တာရပ်ခံစာကို သြဂုတ်လ ၅ ရက်နေ့တွင် ပေးပို့ထားကြောင်း သိရသည်။

“ဘုရားပရဝုဏ်အတွင်းမှာ ရဲတပ်ဖွဲ့၊ တပ်မတော်က နေရာယူထားတယ်။ ဆိုတော့ ဒီဝါတွင်းကာလမှာ ဘုရားဖူးတွေ၊ ဆွမ်းကျွေးအလှူရှင်တွေရှိနေတယ်။ အဲဒါကို မနေ့က ဦးဇင်းတို့ အစည်းအဝေးကျင်းပပြီးတော့ ကွပ်ကဲရေးမှူးအမှတ် ၉ စစ်ဆင်ရေးဌာနချုပ်၊ ကျောက်တော်မြို့ထံကို လိပ်မူပြီးပို့မှာ။ အဲဒီမှာ မနေဖို့ မေတ္တာရပ်ခံတာ” ဟု ဆရာတော်ဘဒ္ဒန ္တ သောပနက မိန့်သည်။

တပ်မတော်သားများ ဘုရားပရဝုဏ်အတွင်း ဝင်ရောက်နေထိုင်ခြင်းကြောင့် ဘုရားဖူးခရီးသည်များ၊ ဥပုသ်သီလ ဆောက်တည်ကြသူများနှင့် အလှူရှင်များမှာ စိုးရိမ်စိတ်များဖြစ်ပေါ်ပြီး ဘုရားသို့ မလာရဲကြတော့ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

ရခိုင်ပြည်နယ်အတွင်းမှ သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် မင်းပြားမြို့ ကျိန်းတောင်တန်းပေါ်တွင်လည်း တပ်မတော်မှတပ်စွဲကာ တိုက်ပွဲဖြစ်ပွားမှုများရှိသည့် ဖုံသာချောင်းဒေသဘက်သို့ အမြောက်ကြီးများဖြင့် ပစ်ကူပေးမှုများရှိနေကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

ထိုသို့ အထင်ကရနေရာတစ်ခုမှ အမြောက်ပစ်ခတ်နေမှုမှာ လုံးဝမဖြစ်သင့်ဘဲ ဒေသခံများမှာလည်း အမြောက်ပစ်ခတ်သံကြောင့် စိုးရိမ်ကြောက်လန့်မှုများရှိေနသည်ဟု ဦးလှသိန်းအောင်ကဆိုသည်။

“ကျိန်းတောင်ပေါ်ကနေ လက်နက်ကြီးပစ်နေခြင်းဟာ မပြုသင့်တဲ့အရာပါ။ မြို့သူမြို့သားတွေလည်း စိုးရိမ်တွေ ရှိနေပါတယ်။ တုန်ခါမှုကြောင့် ရှေးဟောင်းအမွေအနှစ်တွေလည်း ပျက်စီးသွားနိုင်တဲ့အတွက် အခုလုပ်ရပ်ကို ရှုတ်ချပါတယ် ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေမှုမှာ ၈ လကျော်ကြာမြင့် နေပြီဖြစ်ပြီး တိုက်ပွဲကာလအတွင်း မြောက်ဦးမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းမှ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီအချို့ ပျက်စီးမှုများရှိခဲ့သည်။

May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...