ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီး မင်းချောင်းတံတားပေါ်တွင် သြဂုတ်လ ၁ ရက်နေ့ ညနေ ၁၁ နာရီအချိန်ခန့်က အမြင့်ကျွန်းကျေးရွာသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့သည်။
အမြင့်ကျွန်းကျေးရွာသား ချစ်သူအောင် ၂၆ နှစ်နှင့် ဇော်မြင့်လွင်(ခ) မျိုးကျော်ဦး ၂၇ နှစ်တို့နှစ်ဦးမှာ ၎င်းတို့ အလုပ်လုပ်ကိုင်သည့် ကဏန်းဒိုင်မှ ကျေးရွာသို့ ဆိုင်ကယ်နှစ်စီးဖြင့်ပြန်လာစဉ် အမြင့်ကျွန်းတံတားပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ချစ်သူအောင် ၂၆ နှစ်မှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးအား တပ်မတော်မှပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှပြောဆိုကြသည်။ ထို့ကြောင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အား DMG မှ ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရရှိသေးပေ။
သေဆုံးသွားသူ၏ ရုပ်အလောင်းအား ည ၁ နာရီခန့်အချိန်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် ဇော်မြင့်လွင်(ခ) မျိုးကျော်ဦးအား ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။







