မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာက လူငယ် (၂) ဦးမှာ မိုင်းဖောက်ခွဲမှု သံသယဖြင့် တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ကျောက်တော်ဆေးရုံတွင် ၂ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရပြီး သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဟု မိသားစုများထံက သိရသည်။
အသက် ၁၉ နှစ်အရွယ် မျိုးဟိန်းဆွေ (ခေါ်) ညီထွေးနှင့် အသက် ၂၁ အရွယ် စောမောင်သန်းတို့သည် ဇွန်လ ၂၂ ရက်နေ့ကပင် တပ်မတော်၏ ဖမ်းဆီးစစ်ဆေးမှုကို ခံခဲ့ရသည်။ စစ်ဆေးစဉ် ဒဏ်ရာများ ရရှိသွားသည်ဟု တရားရုံးတွင် ထွက်ဆိုသဖြင့် ဆေးကုသရန် မြို့နယ်တရားသူကြီးက မှတ်ချက်ပေးလိုက်သောကြောင့် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ဆေးကုသမှုခံယူခဲ့ရသည်။
ကျန်းမာရေး စိုးရိမ်စရာ မရှိသောကြောင့် ဆေးရုံမှဆင်း၍ ကျောက်တော်မြို့မရဲစခန်းတွင် အချုပ်ကျခံနေရသည်။ သို့သော် ဇွန်လ ၂၈ ရက်နေ့မှ စတင်၍ အပြင်လူနာအဖြစ် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
၎င်းတို့နှစ်ဦးကို အခြား ဖမ်းဆီးခံရသူ (၇) ဦးတို့နှင့်အတူ ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံးတွင် ရမန်ယူခဲ့သည်။ ရမန်ယူရာတွင် လည်း ဒဏ်ရာများရှိသဖြင့် ၎င်းတို့နှစ်ဦး လမ်းမလျှောက်နိုင်သည့် အနေအထားရှိခဲ့ပြီး မျက်နှာများတွင် ညိုမဲဒဏ်ရာများ၊ ဖူးရောင်ခြင်းများနှင့် မျက်စိများနီရဲနေသည်များကို တွေ့ခဲ့ရသည်ဟု မျိုးဟိန်းဆွေ၏ ဖခင် ဦးမောင်သိန်းလှက ပြောသည်။
၎င်းတို့နှစ်ဦးကို ကျောက်တော်မြို့နယ် တရားရုံးတွင် လာမည့် ဇူလိုင်လ ၉ ရက်နေ့တွင် ရုံးထုတ်သွားမည် ဖြစ်သည်။
“ဖြစ်သွားတာ တစ်ခုကတော့ ဖြစ်သွားပြီ။ အဖေတစ်ယောက်အနေနဲ့ ကိုယ့်သားအတွက်တော့ စိတ်မကောင်း ဖြစ်တာပေါ့။ ကျွန်တော်တို့သားက AA နဲ့ အဆက်အသွယ်မရှိဘူး။ ဥပဒေအရ ရင်ဆိုင်ရမယ်ဆိုလည်း ရင်ဆိုင်သွားရမှာပဲလေ။ ကျွန်တော်တို့သားအတွက် အပြစ်တွေမရှိဘဲ ပြန်လွတ်လာရင်တော့ ဝမ်းသာ မိမှာပဲ” ဟု ဦးမောင်သိန်းလှ ပြောသည်။
ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာအနီး ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းမ ကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်(AA)ဘက်က ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဖောက်ခွဲခဲ့သည့် နေရာတစ်ဝိုက်အား စစ်ဆေးစဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးနှင်လာသူ ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ပြီး အဆိုပါ ၂ ဦးအား ဝေသာလီကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
သူတို့ ၂ ဦးအား စစ်ဆေးခဲ့ရာ မိုင်းဖောက်ခွဲခဲ့သူများ ဖြစ်ကြောင်းသိရှိရပြီး ဆိုင်ကယ်တူးဘောက်အတွင်း၌ ကျေးရွာများမှ ဆက်ကြေးကောက်ခံထားသော မှတ်တမ်းစာအုပ် ၁ အုပ်၊ AA နှင့် Video Call ပြောနေစဉ် ရိုက်ကူူးသည့် Screen Shotsမှတ်တမ်းဓာတ်ပုံပါရှိသော ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ၎င်းတို့နှစ်ဦးသည် မိမိကျေးရွာမှ မြောက်ဦးမြို့သို့ ငွေထုတ်ရန်သွားစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုကြသည်။ မျိုးဟိန်းဆွေတို့ မိသားစုသည် ဆန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်ပြီး AA နှင့် ပတ်သက်မှုမရှိကြောင်း၊ စောမောင်သန်းသည်လည်း ရွာတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်ကာ မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိဟု မျိုးဟိန်းဆွေ၏ အစ်ကို မင်းမျိုးဆွေက ပြောကြားထားသည်။







