ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပစ်ခတ်တိုက်ခိုက်မှု အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးအရ အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့မှ အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးရန် ချင်းအဖွဲ့အစည်း (၂၀)ကျော်က တောင်းဆိုလိုက်ကြသည်။
တိုက်ပွဲများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ချင်းတိုင်းရင်းသား များမှာ နေရပ်စွန့်ခွာနေရခြင်း၊လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ပညာသင်ကြားခွင့် ဆုံးရှုံးမှုများရှိနေသည့် အတွက် စစ်ရေးအရ မဖြေရှင်းဘဲ နိုင်ငံရေးအရ ဖြေရှင်းရန် တောင်းဆိုရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင် ချင်း တိုင်းရင်းသားများ အရေးလှုပ်ရှားမှုကော်မတီမှ ဆလိုင်းထန်းနိုင်က DMG ကိုပြောသည်။
“ချင်းတိုင်းရင်းသားတွေ လူ့အခွင့်ရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေ၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ ပိတ်ထားရတဲ့ ကျောင်းတွေကြောင့် နစ်နာဆုံးရှုံးမှုတွေ အများကြီးခံနေရတယ်။ ဒီအခြေနေကို နှစ်ဘက်တိုက်ပွဲရပ်မှပဲ၊ နိုင်ငံရေးအရ ငြိမ်းချမ်းရေးရမှပဲ ကျွန်တော်တို့ ပြည်သူတွေ နစ်နာဆုံးရှုံးမှု မရှိမှာဖြစ်တဲ့အတွက် တောင်းဆိုရတာပါ” ဟု ၎င်းက ပြောသည်။
စစ်ပွဲများရပ်တန့်ရန် တပ်မတော်၊ ရက္ခိုင့်တပ်တော်(AA)နှင့်အစိုးရတို့တွင် တာဝန်ရှိသည်ဟု ၎င်းက ဆက် လက်ဆိုသည်။
ဇွန်လ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် စစ်ပွဲရပ်တန့်ရန်အပါအဝင် ပလက် ဝမြို့နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးစေသည့် ပစ်ခတ်တိုက်ခိုက်မှု များ လုံးဝ မပြုလုပ်ရန်နှင့် အပြစ်မဲ့ ချင်းအရပ်သားပြည်သူများအပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက် နေမှုများကို ရပ်တန့်ရန်လည်း တောင်းဆိုခဲ့ကြသည်။
စစ်ဘေးရှောင် ချင်းတိုင်းရင်းသားအရေးအတွက်လည်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ရန် ချင်းအဖွဲ့ အစည်း များ စီစဉ်ထားကြသည်။
ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်ကပင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် လေးသောင်းကျော် ရှိနေကာ ရခိုင်ပြည်နယ်တွင်လည်း ဒီဇင်ဘာလအစောပိုင်းကပင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေး ရှောင် (၅)သောင်းနီးပါးခန့်ရှိလာသည်။







