ရသေ့တောင်မြို့နယ်တွင် တစ်ရက်အတွင်း လူပေါင်း (၃၀၀၀)နီးပါးထွက်ပြေး

ရသေ့တောင်မြို့နယ်တွင် တစ်ရက်အတွင်း လူပေါင်း (၃၀၀၀)နီးပါးထွက်ပြေး

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်ကျေးရွာသို့ တပ်မတော်စစ်ကြောင်း တစ်ခုက ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ဝင်ရောက်လာသဖြင့် ယင်းရွာနှင့် လမုန်းတိုင်ကျေးရွာက ရွာသား (၃၀၀၀)နီးပါးမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု ဒေသခံများက ပြောသည်။

လိုင်ဂွင်ကျေးရွာသည် တပ်မတော်က စစ်ဆေးနေစဉ် လူ(၇)ဦးခန့် သေဆုံးသွားသည့် နာမည်ကျော် ကျောက်တန်းကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးကွာသည်။ ထိုကျောက်တန်းကျေးရွာက ဖြစ်စဉ်ကဲ့သို့ ဖြစ်လာမည်ကိုလည်း စိုးရိမ်၍လည်း ဒေသခံများ ထွက်ပြေးသွားကြသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

လိုင်ဂွင်ကျေးရွာက ဒေသခံ (၁၈၀၀)ကျော်သည် သောင်းဒရား၊ ထီးစွဲ၊ အောင်သာစည်နှင့် ရွာသစ်ကေ ကျေးရွာများသို့ ထွက်ပြေးသွားကြသည်။ လက်ရှိတွင် ရွာထဲ၌ လူပေါင်း (၂၀)ခန့်သာ ကျန်ခဲ့သည်။ ကျန်ရှိသူများကို တပ်မတော်က စစ်ဆေးမှုများရှိခဲ့သည်ဟု ဦးဝေသာထွန်းက ပြောသည်။

အလားတူ လိုင်ဂွင်ကျေးရွာက သတင်းကို ကြားသိရသဖြင့် လမုန်းတိုင်ကျေးရွာက ဒေသခံများမှာလည်း သောင်းဒရား၊ ဇရပ်လှ၊ အလယ်ရွာ စသည့် ကျေးရွာများသို့ လူပေါင်း (၈၀၀)ခန့် ထွက်ပြေးသွားကြပြီး ရွာတွင် လူအနည်းငယ်တွင် ကျန်ရှိလိုက်သည်ဟု ယင်းရွာက ဒေသခံ ဦးသာအေးက ပြောသည်။

ညနေ (၄)နာရီခန့်တွင် လိုင်ဂွင်ရွာက တပ်မတော်သားများ ထွက်ခွာသွားပြီးနောက်ပိုင်း ရွာအနီးက ပစ်ခတ်သံများ ကြားလိုက်ရသည်ဟု လိုင်ဂွင်ကျေးရွာသားတစ်ဦးက ပြောသည်။ သို့သော် တိုက်ပွဲဖြစ်ပွားခြင်း ဟုတ်၊မဟုတ် မသိရှိဟုလည်း ဆိုသည်။

“တပ်မတော်စစ်ကြောင်းက လိုင်ဂွင်ကျေးရွာက ထွက်သွားပြီးနောက်။ ပစ်ခတ်သံတွေကြားရပါတယ်။ ကျောက်တန်းရွာဘက်ကို ကူးတဲ့ ရွာချင်းဆက်လမ်း ဝါးတံတားရှိပါတယ်။ အဲဒီတံတားအလွန်လောက်မှာ  ကြားရတာပါ။ လက်နက်ငယ်ပစ်သံ အချက်ပေါင်း ၅၀၀ ကျော်လောက်နဲ့ လက်နက်ကြီးပစ်သံ အချက် ၃၀ ကျော်လောက်ကြားရပါတယ်။ ကျွန်တော်တို့ကတော့ ရွာကို ထိမှာကို အရမ်းစိုးရိမ်ပါတယ်။ ရွာမှာက သက်ကြီးရွယ်အိုတွေနဲ့ လူငယ်၊ ကလေးအမေတွေပဲ ကျန်နေခဲ့တာ”ဟု အဆိုပါ ရွာသားက ပြောသည်။  

အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ဗိုလ်မှူးချုပ် ထွန်းထွန်းညီနှင့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

တပ်မတော်သည် ရခိုင်ကျေးရွာအချို့ကို ရက္ခိုင့်တပ်တော်(AA)က ရွာသားအသွင်ဆောင်၍ ဝင်ရောက်သည်ဟု ဆိုကာ သံသယရှိသဖြင့် မကြာခဏ ဝင်ရောက်စစ်ဆေးမှုများရှိသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...