မြို့တော်ကို ဗဟိုပြု၍ ရခိုင့်ဦးဆောင်ပါတီလှုပ်ရှားမှုစတင်

မြို့တော်ကို ဗဟိုပြု၍ ရခိုင့်ဦးဆောင်ပါတီလှုပ်ရှားမှုစတင်

ဒေါက်တာအေးမောင်၏ ညွှန်ကြားချက်အရ “အမျိုးသားနိုင်ငံရေး”အရ သွားမည်ဟု ကြွေးကြော်ထားသည့် ရခိုင့် ဦးဆောင်ပါတီ(AFP)သည် ပြည်နယ်၏ မြို့တော်စစ်တွေမြို့ကို အဓိက ဗဟိုပြု၍ လှုပ်ရှားမှု စတင်နေပြီဖြစ် သည်။

ရခိုင်အမျိုးသားပါတီ(ANP)က နုတ်ထွက်သွားသူ အများစုဖြင့် ဖွဲ့စည်းထားသည့် ရခိုင့်ဦးဆောင်ပါတီသည် ပါတီ ဌာနချုပ်ကို စစ်တွေတွင်ထားရှိပြီး မြို့နယ်အလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ထို့အပြင် ယခုလအတွင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပါတီဆိုင်းဘုတ်တင်လုပ်ငန်းများ၊ပါတီစည်းရုံးရေး လုပ်ငန်းများကို ပြုလုပ်နေသည်။

“အဓိက စစ်တွေမြို့နယ်မှာက ကျနော်တို့ ရခိုင့်ဦးဆောင်ပါတီကို အားပေးထောက်ခံတဲ့သူတွေ အများကြီး ဖြစ်နေပါတယ်။ အဲဒါကလည်း ကျနော်တို့ ရခိုင်အမျိုးသားပါတီက စစ်တွေမြို့နယ်မှာ ကွဲလွဲမှုတွေ ပြင်းပြင်း ထန်ထန်ဖြစ်ခဲ့တယ်။အဲဒီ ကွဲလွဲမှုဖြစ်ခဲ့တဲ့အတွက် ကျနော်တို့ AFP ကို အားပေးမှု ပိုလို့ကောင်းတယ်။ အဲဒါကြောင့် စစ်တွေမြို့နယ်ဟာ AFP အတွက် အမာခံနယ်မြေလို့ ပြောလို့ရတယ် ” ဟု ရခိုင့်ဦးဆောင်ပါတီ ဒုဥက္ကဌ ဦးကျော်လွင်က DMG ကိုပြောသည်။

ဇွန်လ ၂၂ ရက်နေ့က တပ်မတော်ရေ(ယာဉ်)တစ်စီးကို ပစ်ခတ်ခံရမှုကြောင့် စစ်တွေမြို့နယ်အတွင်းတွင် တပ်မတော်၊ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကျပ်ထားသဖြင့် ဒေသခံများစိုးရိမ်ကြောက်လန့်မှုများရှိသည်။ ထိုသို့ စိုးရိမ်မှုများရှိနေသောကြောင့်လည်း စစ်တွေမြို့နယ်အတွင်းတွင် ပါတီဆိုင်းဘုတ်တင်လုပ်ငန်းများ စတင် နေခြင်းဟု ပါတီထိပ်ပိုင်းခေါင်းဆောင်များက ဆိုကြသည်။ယနေ့တွင် စစ်တွေမြို့နယ်အတွင်း ကျေးတော ကျေးရွာအပြင် ကျေးရွာ (၇) ရွာခန့်တွင် ပါတီဆိုင်းဘုတ်တင်ခဲ့သည်။

“အဲလို စိုးရိမ်မှုတွေမဖြစ်အောင် ဒေသမတည်မငြိမ်ဖြစ်နေတဲ့ စစ်တွေမြို့နယ် အတွင်းမှာ ဆိုင်းဘုတ်တွေ ထူထောင်နေခြင်းဖြစ်တယ်။အဓိကတော့ သူတို့ကို စိတ်ဓာတ်ခွန်အားပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ ”ဟု ဦးကျော်လွင်က ပြောသည်။

စစ်တွေမြို့နယ်အတွင်းတွင် ဆိုင်းဘုတ်တင်ခြင်း၊စည်းရုံးရေး လုပ်ငန်းများပြုလုပ်ပြီးမှသာလျှင် တစ်ခြား မြို့နယ် (၆)မြို့နယ်တွင် ယင်းလုပ်ငန်းစဉ်များပြုလုပ်သွားမည်ဖြစ်သည်။သို့သော် မည်သည့်မြို့နယ်များတွင် ပြုလုပ်မည် ကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“အဓိကတော့ ကျနော်တို့မှာက AFP ရဲ့ ထူထောင်ရတဲ့ ရည်ရွယ်ချက်ကိုယ်တိုင်က အမျိုးသားနိုင်ငံရေးကို သွားချင်တဲ့ ဒေါက်တာအေးမောင်ရဲ့ ညွှန်ကြားချက်အရ သွားနေတဲ့ပါတီဖြစ်ပါတယ်။စည်းရုံးရေးပိုင်းမှာလည်း အခြားကိစ္စတွေထက် အမျိုးသားနိုင်ငံရေးနဲ့ပတ်သက်တဲ့ စည်းရုံးရေးကို ကျနော်တို့ လုပ်သွားဖို့ဖြစ်ပါတယ် ”ဟု ဦးကျော်လွင်က ပြောသည်။

ဒေါက်တာအေးမောင်က ညွှန်ကြားထားသည့် AFP ပါတီအတွက် “အမျိုးသားနိုင်ငံရေး”ဆိုသည်မှာ မိမိတို့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊လုံခြုံရေးအတွက် မိမိတို့ အမျိုးသားဘက်က ရပ်တည်သည်ကို ခေါ်သည်ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ဒေါက်တာအေးမောင်သည် ပြည်နယ်အတွင်းအင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဌ တာဝန်က နုတ် ထွက်သွားသူဖြစ်သည်။သူသည် ရခိုင့်ဘုရင့်နိုင်ငံတော်ကျရှုံးခြင်း အထိမ်းအမှတ် စာပေဟော ပြောပွဲကြောင့် အဖမ်းခံရကာ တရားရင်ဆိုင်နေရစဉ် သူ၏သားနှင့်သူ့ကိုထောက်ခံသူအချို့ကို ပါတီထောင်ရန် ညွှန်ကြားထားသောကြောင့် ရခိုင့်ဦးဆောင်ပါတီ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရခိုင့်ဦးဆောင်ပါတီကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကပင် ရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့် ပြုခဲ့သည်။လက်ရှိတွင် ပါတီဝင်အင်အား ၂၀၀၀ ကျော်ခန့်ရှိနေပြီဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...