စာဖြင့်ပြန်လည်ဖြေကြားရမည့်မေးခွန်းကို ၁၀ ရက်အတွင်းဖြေကြားပေးရန် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသတိပေး

စာဖြင့်ပြန်လည်ဖြေကြားရမည့်မေးခွန်းကို ၁၀ ရက်အတွင်းဖြေကြားပေးရန် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသတိပေး
မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ (MNA)
မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ (MNA)

သက်ဆိုင်ရာပြည်နယ်အစိုးရဝန်ကြီးအနေဖြင့် စာဖြင့်ပြန်လည်ဖြေကြားပေးရမည့် မေးခွန်းတစ်ခုကို ၁၀ ရက်အတွင်း တိတိကျကျဖြေကြားပေးရန် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဒေါ်တင်အိက ယနေ့ ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) တွင် သတိပေး ပြောကြားလိုက်သည်။

 “ဖြေရမယ့် အဖြေတွေကို ၁၀ ရက်အတွင်း ပို့ပေးပါလို့ ကျွန်မအမြဲတမ်းပြောပါတယ်။ ဒါပေမယ့် ရက် ၂၀ ရက် ၃၀ ကျော်မှ ရရှိပါတယ်။ ဒီကနေ့ စာဖြင့် ဖြေပေးမယ့် မေးခွန်းတစ်ခုကို ၁၀ ရက်အတွင်း တိတိကျကျဖြေပေးပါလို့ ပြောကြားလိုပါတယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည့်ကိစ္စရပ်တွင် သေချာလေ့လာစိစစ်ပြီးမှ ၁၀ ရက်အတွင်း စာဖြင့်ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။  

“တစ်ချို့အချက်အလက်တွေကျတော့ အချိန်ယူပြီးတော့ အကြာကြီးလေ့လာသုံးသပ်ရတဲ့အခါမျိုးရှိခဲ့ရင် ၁၀ ရက်ဆိုတာ မလုံလောက်တဲ့သဘောလည်း ရှိခဲ့တယ်။ ဒါပေမယ့်တော့ ကျွန်တော်တို့က ဒါကို ပြဿနာမရှိပါ ဘူး။ အတတ်နိုင်ဆုံးတော့ လွှတ်တော်နဲ့ ညှိနှိုင်းပြီးတော့မှ အမြန်ဆုံးပေးပို့နိုင်အောင် ကြိုးပမ်းပေးနေတာဖြ စ်ပါတယ်။ ပြဿနာမရှိပါဘူး”ဟု ဦးထွန်းဋ္ဌေးက ဆိုသည်။

ထို့အတူ ကိုယ်စားလှယ်များ မေးမြန်းမည့် ဆက်စပ်မေးခွန်းကိုလည်း ကြိုတင်သိရှိထားခြင်း မရှိသည့်အတွက် လိုအပ်သည့် အချို့အချက်အလက်များကို တိတိကျကျပြန်လည် ရှာဖွေလေ့လာစိစစ်ရမည်ဖြစ်သောကြောင့် ဖြေကြားရမည့် သက်ဆိုင်ရာဝန်ကြီးက စာဖြင့် ပြန်လည်ဖြေကြားရန် တောင်းဆိုရခြင်းဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ဆက်ပြောသည်။

နှစ်ရက်ကြာကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ပထမနေ့တွင် မေးခွန်း (၄) ခု မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း၊ အဆို (၁) ခုနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာရေးခွဲဝေသုံးစွဲရေးဥပဒေကြမ်း (၁) ခုတို့ကိုတင်သွင်းခဲ့ပြီး ဒုတိယနေ့တွင် မေးခွန်း (၄) ခု မေးမြန်းခြင်း၊ ဖြေကြားခြင်းနှင့် အဆို (၁) ခုကို ဆွေးနွေးအတည်ပြုခဲ့သည်။

သို့ရာတွင် လက်ရှိကျင်းပလျက်ရှိသော ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် ပြည်နယ်အစိုးရဝန်ကြီးများက နှုတ်ဖြင့်သာဖြေကြားခဲ့ပြီး ဖြေကြားချက်မှတ်တမ်းစာရွက်များ ပေးအပ်ခြင်းမရှိသဖြင့် ဆက်စပ်မေးခွန်းမေးမြန်းရန် အခက်အခဲကြုံတွေ့နေရကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...