မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာအနီး မောင်တော - အငူမော် ကားလမ်းဘေးရှိ ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakkhita Group-ARG) စိုက်ပျိုးရေးခြံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိသည်ဟုဆိုကာ အဆိုပါခြံကို ရဲတပ်ဖွဲ့က ချိတ်ပိတ်လိုက်သည်။
ယင်းခြံမှ ARG ပိုင်ပစ္စည်းများဖြစ်သည့် နွား၊ဆိတ်၊ဝက်၊ကြက်များနှင့် လယ်ထွန်စက်များကို သိမ်းဆည်းပြီးနောက် ခြံကို ဇွန်လ ၁၀ ရက်နေ့တွင် ချိတ်ပိတ်လိုက်ခြင်းဟု ခရေမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှအောင်က ပြောသည်။
“မနေ့က သစ်တော၊ မြေစာရင်း၊ မူးယစ်၊ နယ်ခြားစောင့် အဖွဲ့ပေါင်းစုံပါတယ်။ ARG အဖွဲ့ပိုင် နွား၊ဝက်၊ဆိတ်၊ ကြက်တွေနဲ့ လယ်ထွန်စက်တွေကိုလည်း ပါပါတယ်။ အဲဒီ ပစ္စည်းတွေကို မကျည်းချောင်းစခန်းကို ပို့လိုက်တယ်။ ခြံကိုလည်း ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ ချိတ်ပိတ်ထားလိုက်ပြီ။ ဒီလိုသိမ်းဆည်းရတာဟာ အပေါ်က အမိန့်အရလို့တော့ သက်ဆိုင်ရာက ပြောတယ်” ဟု ၎င်းက ဆိုသည်။
ယင်းခြံအား ဇွန်လ ၉ ရက်နေ့တွင် ရှာဖွေရာ အဆောက်အဦအတွင်းရှိ UPG အိမ်သုတ် ဆေးပုံးခွံ(၆)ပုံးအတွင်း ထည့်ထားသည့် WY/R စာတမ်းပါစိတ်ကြွဆေးပြား (၃၉၉၅၅၀) ပြား (တန်ဖိုးငွေကျပ် ၇၉၉၁ သိန်း)နှင့် ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ မူးယစ်မှုဖြင့် ခြံတာဝန်ခံ ဟန်စိုး၊ အလုပ်သမားကြီးကြပ် ချစ်နေဝင်း၊ နေဝင်းထွန်း၊ ဖိုးသန်း၊ ညီလေး(ခ) ညွှန့်လွင်တို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကွင်းဆက်ဖော်ထုတ်ထုတ်အရ ယင်းမူးယစ်ဆေးဝါးများကို စစ်တွေမြို့မှ တစ်ဆင့် သယ်လောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ARG အဖွဲ့၏ ခြံတာဝန်ခံ ကိုဟန်စိုး၏ ဇနီး မခင်အေး၏ အဆိုအရ ယင်းမူးယစ်ဆေးဝါးများမှာ ခြံထဲက ရှာဖွေတွေ့ရှိခြင်းမျိုး မဟုတ်ဘဲ လမ်းတစ်ဖက်မှာရှိသည့် လူမနေသည့် အဆောင်ပျက်တစ်ခုက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အဖွဲ့ကို လုပ်ကြံခြင်းမျိုးဖြစ်နေကြောင်း ပြောသည်။
“ ကျွန်မတို့ ဘာမှမသိပါဘူး။ ARG အဖွဲ့မှာ ကျွန်မတို့ အလုပ်လုပ်လာတာ ၅ နှစ်လောက်ရှိပါပြီ။ မူးယစ်ဆေးနဲ့ ဘာမှပတ်သက်မူမရှိခဲ့ပါဘူး။ အခုပစ္စည်းတွေတာကလည်း ARG စခန်းထဲက မဟုတ်ပါဘူး။ လမ်းတစ်ဖက်မှာရှိတဲ့ လူလည်းမနေတဲ့ အဆောင်ပျက်တစ်ခုထဲက ရတာဖြစ်ပါတယ်။ ARG အဖွဲ့ကို တမင်သက်သက် လုပ်ကြံတာမျိုးဖြစ်နေပါတယ်” ဟု မခင်အေးက ဆိုသည်။
ယင်းခြံက နွားအကြီး၊ အငယ် (၁၀၀)ကောင်၊ ကြက် (၅၀)ကောင်၊ စပါးတောင်း (၁၀၀၀)၊ လယ်ထွန်စက် ၃ စီး စသည့် ပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းသွားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ကွင်းဆက်တရားခံ ထပ်မံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးခြံပိုင်ရှင် ဦးဘအေးအား မြောက်ဦးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး သူသည် ယင်းအဖွဲ့တွင် ၂၀၁၇ ခုနှစ်မှ စတင်၍ ဥက္ကဌအဖြစ် ဆောင်ရွက်လာကြောင်း၊ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ARG သည် ရခိုင်ပြည်နယ်အတွင်းရှိ လယ်သမားများကို စိုက်ပျိုးရေးနည်းပညာအပြင် စိုက်ပျိုး၊ ထွန်ယက်၊ ရိတ်သိမ်းမှုများတွင် စက်ပစ္စည်းများဖြင့် ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဟု ယင်းအဖွဲ့ကထံက သိရသည်။
photo; ရဲဇာနည်







