ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းသို့ တပ်မတော်ကို စစ်ဆေးခွင့်ပြု

ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းသို့ တပ်မတော်ကို စစ်ဆေးခွင့်ပြု

ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် စစ်ဘေးရှောင်စခန်းကို အင်အား (၅၀)ခန့်ပါဝင်သည့် တပ်မတော်စစ်ကြောင်းတစ်ခုက ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များ ရှိ၊မရှိ ဇွန်လ ၁၀ ရက်နေ့ကပင် ဝင်ရောက်စစ်ဆေးရန် ကြိုးပမ်းချက်သည် ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အောင်မြင်သွားသည်။

စစ်ဆေးရန် လာရောက်သည့် ပထမနေ့တွင် စစ်ဘေးရှောင်စခန်းကို စစ်ဆေးမည်ဆိုပါက လက်နက်မကိုင်ဘဲ တပ်မတော်ယူနီဖောင်းကိုချွတ်ကာ အရပ်ဝတ်ဖြင့်သာ လာရောက်စစ်ဆေးရန် စခန်းတာဝန်ရှိသူများက ပြောဆိုလိုက်သည်။ ထို့ကြောင့် စစ်ဆေးခြင်းမပြုလုပ်ခဲ့သော်လည်း ရွာက ဆုတ်ခွာသွားခြင်း မရှိခဲ့ပေ။

“ ဒီနေ့ကတော့ လ.ဝ.က ဦးစီးလည်းပါလာတယ်။ ဆိုတော့ ဒီစစ်သားတွေဟာ ရှေ့ဆက်ပြီး ရွာမှာ ဒီလိုမနေစေချင်ဘူး။ ရွာကနေ ထွက်ခွာသွားစေဖို့အတွက် ဒီဒေသက ဆရာတော်ကြီးတွေနဲ့တိုင်ပင်ပြီး စစ်ဆေးခွင့်ပေးလိုက်တာပါ။ မဟုတ်ဆိုရင် ဒီကျောင်းတိုက်တစ်ခုလုံးကို မသင်္ကာဖြစ်မှာစိုးလို့လည်းပါတယ် ” ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဆရာတော် ဦးအာရက္ခက DMG ကို မိန့်ကြားသည်။

စစ်ဘေးရှောင်စခန်းကို တပ်မတော်သား ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် လ.ဝ.က ဝန်ထမ်း ၂ ဦးတို့ကို ဝင်ရောက်စစ်ဆေးရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် လူပုဂ္ဂိုလ်များကို တစ်စုံတစ်ရာမေးမြန်းခြင်း မရှိခဲ့ဘဲ တစ်ချို့ပုဂ္ဂိုလ်များကို ဓာတ်ပုံရိုက်ယူသွားသည်ဟု ၎င်းကဆက်လက် မိန့်သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၆၀၀) ကျော်ခန့် ခိုလှုံနေခြင်းဖြစ်ပြီး နေ့လယ် ၁ နာရီကပင် နေ့လယ် ၂ နာရီကျော်အချိန်ထိ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသော်လည်း ဖမ်းဆီးခြင်းမရှိခဲ့ဘဲ စစ်ဆေးမှုအေးဆေးစွာပြီးစီးခဲ့ကြောင်း ယင်းစစ်ဘေးရှောင်စခန်းသို့ ရောက်နေသည့် ပုဏ္ဏားကျွန်းမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က DMG ကို ပြောသည်။

“ စစ်ဘေးရှောင်တွေကို ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူတယ်။ အထက်ကိုတင်ပြမယ်။ သူတို့ကလည်း တာဝန်အရ ဥပဒေအကြောင်းရာရ လုပ်ရတာဆိုပြီးပြောတယ်” ဟု ဦးအောင်သန်းတင်က ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စစ်ဆေးရခြင်းမှာ လွန်ခဲ့သည့်ရက်ပိုင်းက ယင်းပတ်ဝန်းကျင်အနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် AA အဖွဲ့သည် ရွာသားအသွင်ယူ၍ ယင်းစခန်းတွင် နေထိုင်သည်ဟု တပ်မတော်အမာခံတို့၏ သတင်းပေးချက်အရ ဝင်ရောက်စစ်ဆေးရခြင်းဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“ဘာကြောင့် စစ်ဆေးလဲဆိုတော့ လွန်ခဲ့တဲ့ လေးငါးရက်လောက်က ကျနော်တို့ ပေါက်တောပြင်ဝန်းကျင် တစ်လျှောက်မှာ ကျနော်တို့ တပ်မတော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့အခါမှာ ကျနော်တို့က အေအေဆီကနေပြီးတော့မှ တိုက်ပွဲတွေဖြစ်ပွားပြီးမှ အေအေအဖွဲ့တွေ ဒီဝန်းကျင်ကျေးရွာတွေမှာ ရွာသားတွေနဲ့ ပေါင်းပြီးတော့မှ နေတယ်လို့ ကျနော်တို့အမာခံတွေ၊ သတင်းပေးတွေက သတင်းပေးတာပေါ့” ဟု ၎င်းကဆိုသည်။

စစ်ဆေးရာတွင် ဥပဒေကြောင်းအရာ စစ်ဆေးခြင်းဖြစ်ပြီး တပ်မတော်သားများက ဝင်ရောက်စစ်ဆေးခြင်း မရှိ ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“သူ့ဟာသူ အာဏာပိုင်အဖွဲ့၊ သူ့ ဥပဒေကြောင်းအရပဲ ရဲပါတယ်။ လ.ဝ.က ပါတယ်။ ပြီးရင် သာသနာရေးဦးစီးပါတယ်။ ပြီးရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါတယ်။ ဒီအဖွဲ့တွေကပဲ ဝင်စစ်တာ။ ကျနော်တို့အဖွဲ့တွေက မသင်္ကာဘူး။ ဒါ ဒါရှိတယ်။ ရဲကို ဝင်စစ်ပေးပါလို့ပဲ ပြောတယ်။ ကျနော်တို့ တပ်တွေက ဝင်စစ်တာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

တပ်မတော်သည် ရခိုင်ကျေးရွာတစ်ချို့ကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ပြီး မသင်္ကာ၍ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် AA နှင့်ပတ်သက်ပြီး တပ်မတော်က စစ်ဆေးခြင်းပြုလုပ်ရာတွင် လူ (၇)ဦး သေဆုံးပြီး (၇)ယောက်ခန့် ဒဏ်ရာရရှိသွားသည်။

ဓာတ်ပုံ - သဘာဝ နဒီ | Facebook

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...