ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ အနီးအနားတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA )တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ပေါက်တောပြင်ကျေးရွာ အ.ထ.က(ခွဲ) စာသင်ကျောင်းကို လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားရသည်ဟု ကျောင်းအုပ်ဆရာကြီးက ပြောသည်။
ပေါက်တောပြင်ကျေးရွာ အနီးအနားတွင် ဇွန်လ (၆) ရက်နေ့က စတင်ကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောင်းသူ/သားများမှာ ကျောင်းကို မသွားရဲကြဟု ပေါက်တောပြင်ကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်ဝင်းကြိုင် ကပြောသည်။
“လုံခြုံရေးအရ ကလေးတွေကို စိုးရိမ်ပြီးတော့ မိဘတွေကလည်း ကျောင်းကို မလွတ်တော့ဘူး။ ပြီးတော့ ဆရာ/မ တွေကလည်း လုံခြုံရေးအရတော့ နည်းနည်းလောက် အခြေအနေကြည့်နေရတဲ့ သဘောရှိတယ်။ လုံးဝပိတ်ထား တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ကျောင်းသားတွေကတော့ မလာရဲတော့ပါဘူး။ အခုလောလောဆယ့်တော့ လုံခြုံရေးအရ ဆရာ/မတွေက နေရပ်ကို ပြန်ရတဲ့ အနေအထားရှိပါတယ်” ဟု ပေါက်တောပြင် အ.ထ.က (ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးမောင်ဝင်းကြိုင် ကဆိုသည်။
အဆိုပါ ပေါက်တောပြင် အ.ထ.က(ခွဲ) စာသင်ကျောင်းမှာ ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစဖွင့်ကာ ၅ ရက်နေ့အထိ စာသင်ကြားခဲ့ကြပြီး ဇွန်လ ၆ ရက်နေ့တွင် ပေါက်ကွဲသံများ ကြားရသည့်အတွက် ကျောင်းသားများကို မိဘများထံသို့ လွဲှပေးလိုက်ရသည်ဟု ကျောင်းအုပ်ဆရာကြီး ဦးမောင်ဝင်းကြိုင် ကပြောသည်။
ဒေသတည်ငြိမ်မှသာလျှင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်မည်ဟု ၎င်းက ဆက်လက်ဆိုသည်။
အလားတူ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသောကြောင့် မင်းပြားမြို့နယ်ရှိ ရွှေတမာ၊ စပါးထားနှင့် မင်းဖူးကျေးရွာတို့တွင်လည်း စာသင်ကျောင်းများပိတ်ထားရကာ ဘူးသီးတောင်မြို့နယ်တွင်လည်း စာသင်ကျောင်းတစ်ချို့ ပိတ်ထားရသည်။
လုံခြုံရေးအခြေအနေအရ ပိတ်ထားရသည့် စာသင်ကျောင်းများမှာ ယခု အရေအတွက်ထက် များပြားနိုင်သည်ဟု လူမှုရေးအဖွဲ့အစည်းများက ပြောဆိုကြသော်လည်း ပြည်နယ်ပညာရေးဌာနကို ဆက်သွယ်မရသောကြောင့် ပိတ်ထားသည့်ကျောင်းအရေအတွက်ကို မသိရှိရသေးပေ။







