တင်ဒါခေါ်ရန်အချိန်မမီသဖြင့် အစိုးရစိတ်ချရသည့်ကုမ္ပဏီဖြင့် မော်လမြိုင်မြို့ပေါ်ဈေးများ ဆောက်လုပ်သွားမည်

တင်ဒါခေါ်ရန်အချိန်မမီသဖြင့် အစိုးရစိတ်ချရသည့်ကုမ္ပဏီဖြင့် မော်လမြိုင်မြို့ပေါ်ဈေးများ ဆောက်လုပ်သွားမည်

မော်လမြိုင်မြို့ပေါ်ဈေးများကို တင်ဒါခေါ်ရန်အချိန်မမီသဖြင့် ဇွန်လဒုတိယပတ်တွင် အစိုးရကြီးကြပ်မှုဖြင့် စိတ်ချရသည့်ကုမ္ပဏီမှ စတင်ဆောက်လုပ်သွားမည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ဦးမင်းကျော်လွင်က “စည်ပင်မြေ စည်ပင်ဟာတွေ စည်ပင်က ပိုက်ဆံတစ်ပြားမှ မတောင်းဘူး၊ အစိုးရပိုက်ဆံတစ်ပြားမှ မတောင်းဘူး။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူကတောင်းလို့ ချပေးတာ။ အခုကျမှ သူတို့က ကန့်ကွက်တယ်။ လူတွေရဲ့ ပူးပေါင်းပါဝင်မှုကို နားမလည်တော့ဘူး” ဟု ပြောသည်။

ရပ်ကွက်နေပြည်သူများနှင့် ဈေးဝယ်သူများက ဆောက်စေချင်လိုကြောင်း၊ သြင်္ကန်မတိုင်မီကတည်းက ဈေးဆောက်လုပ်မည့်အစီအစဉ်ကို ဈေးသူဈေးသားများအား ပြောပြထားကြောင်း၊ ၎င်းတို့ တောင်းဆို၍သာ ဘက်ဂျက်တွင် ထည့်သွင်းစဉ်းစားခဲ့ကြောင်း၊ ယခုအခါ ဘက်ဂျက်လည်း ရပြီးသားဖြစ်ကြောင်း ဦးမင်းကျော်လွင်က ဆက်ပြောသည်။

သို့ရာတွင် မြိုင်သာယာနှင့် ရွှေမြိုင်သီရိဈေးတို့ အသစ်ဆောက်ခြင်းကို ဈေးရောင်းသူအချို့ ကန့်ကွက်မှုများရှိနေသည်ကို တွေ့ရသည်။

မြိုင်သာယာဈေးမှ ဒေါ်မြစန်းက “ဘယ်စည်ပင်မှလည်းမလာ ဘယ်သူမှလည်းမပြော၊ ဘယ်တော့ပြီးမယ်လည်းမပြော ဘယ်လိုဆောက်မယ်လည်းမပြောဘူး။ ဘာမှမသိဘူး။ ဇွန်လ ၁ ရက်နေ့မှာ နေရာဖယ်ခိုင်းတာ ပြောင်းရွှေ့ခဲ့တဲ့ ယာယီဈေးနေရာမှာ ရေဝပ်လို့ အဆင်မပြေဘူး” ဟု ဆိုသည်။

ထို့အတူ ရွှေမြိုင်သီရိဈေးမှ ဒေါ်ဆွေဆွေထက်က အသစ်ဆောက်မည့် ဈေးပုံစံမှာ အောက်ခြေကွန်ကရစ်ခင်း၊ သံတိုင်နှင့် ခေါင်မိုးသာ ပါဝင်သည်ဟု သိရပြီး လက်ရှိဈေးအဟောင်းနှင့် သိပ်မကွာခြားကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးအပါအဝင် မိမိတို့ဆိုင်ခန်းကိုပါ ငွေကုန်ကြေးကျခံ၍ ပြုပြင်ထားပြီးဖြစ်ကြောင်း ပြောသည်။

“အဲဒါတွေကို ပြန်ဖျက်ပြီးတော့ အောက်ခံကြမ်းပြင်နှင့် အမိုးပဲထပ်ရမယ်ဆို အစ်မတို့က အဲဒီတံခါးတွေ ပြန်လုပ်ရအုံးမှာ။ အဲလိုဆိုတော့ ငွေထပ်ကုန်အုံးမှာ စသဖြင့်ပေါ့ အဲလိုမျိုးတွေ တွက်ပြီးတော့ ကန့်ကွက်ပြီးရင်း ကန့်ကွက်ချင် ဖြစ်နေတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ မြိုင်သာယာဈေးကို ငွေကျပ်သိန်း ၅,၄ဝဝ ကျော်၊ သီရိမြိုင်ဈေးကို သိန်း ၁,ဝဝဝ ကျော်၊ ရွှေမြိုင်သီရိဈေးကို သိန်း ၃,၆ဝဝ ခန့်နှင့် ဒိုင်းဝန်ကွင်းပျံကျဈေးကို သိန်း ၇၉ဝ ကျော်ဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။

အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ဖြင့် ထုတ်ပြန်ခဲ့ရာတွင် ကျပ်သိန်း ၁၀၀ အထက်လုပ်ငန်းများကို တင်ဒါခေါ်ယူရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။  

Photo- ရွှေမြိုင်သီရိဈေး (MNA)

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...