မွန်ရေးရာကဏ္ဍအသီးသီးတွင် အမျိုးသမီးဦးဆောင်မှု ၃၀ ရာခိုင်နှုန်းပါဝင်ရေး သဘောတူဆုံးဖြတ်

မွန်ရေးရာကဏ္ဍအသီးသီးတွင် အမျိုးသမီးဦးဆောင်မှု ၃၀ ရာခိုင်နှုန်းပါဝင်ရေး သဘောတူဆုံးဖြတ်
Photo- မွန်အမျိုးသမီးခေါင်းဆောင်တစ်ဦး တက်ရောက်ဆွေးနွေးစဉ်(Hong Sa)
Photo- မွန်အမျိုးသမီးခေါင်းဆောင်တစ်ဦး တက်ရောက်ဆွေးနွေးစဉ်(Hong Sa)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် မွန်ရေးရာကဏ္ဍအသီးသီးတွင် အမျိုးသမီးဦးဆောင်မှု ၃၀ ရာခိုင်နှုန်းပါဝင်ရေး မေလ ၃၀ ရက်က ကျင်းပပြီးစီးခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသမီးများ ပါဝင်ဦးဆောင်မှု မြှင့်တင်ရေးဆွေးနွေးပွဲ၌ သဘောတူညီ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း တွေ့ရှိရသည်။

“အမျိုးသမီးတွေအတွက် ရေရှည်မှာ ၅၀ ရာခိုင်နှုန်းပါဝင်ဖို့ ချမှတ်ထားပေမယ့် ရေတိုမှာတော့ ၃၀ ရာခိုင်နှုန်းပြည့်ဖို့က ကျွန်မတို့က လျာထားတယ်။ အဲဒါကိုပြည့်မှီဖို့အတွက် အထူးလုပ်ဆောင်ချက်တွေ ရှိသေးတယ်ဆိုတော့ ကျွန်မတို့ အခုမျှော်လင့်ထားတဲ့ ၃၀ ရာခိုင်နှုန်းကို ပြည့်မီလာမှာပါ”ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မိလဝီဟန်က ပြောသည်။

ထို့အတူ ဆုံးဖြတ်ချက်ချမှတ်သည့်အခါတိုင်းမှာလည်း အမျိုးသမီးများ၏ ပါဝင်ဦးဆောင်မှုကို ထင်ဟပ်စေရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ လိုအပ်လာလျှင် ပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်လူထုအခြေပြုဖွံံံ့ဖြိုးရေး အမျိုးသမီးနှင့်ကလေးတာဝန်ခံ ပရိုဂရမ်ဒါရိုက်တာ မိချယ်ရီစိုးက ဆိုသည်။

၎င်းက “အရင်တုန်းက တန်းတူညီမျှရေး ၅၀%၊ ၅၀% ပဲ ဒါက အရမ်းဝေးတယ်။ မရေရာဘူး။ အခုက ၃၀ ရာခိုင်နှုန်း သတ်မှတ်လိုက်တော့ ကျွန်မတို့ပန်းတိုင်က အရမ်းကို ကြည်လင်ပြတ်သားစေတာပေါ့၊ ကျားမလို့ ပြောပေမယ့် အားနည်းနေတာ လစ်ဟာနေတာက အမျိုးသမီးတွေဖြစ်နေတော့ အခု ဒီလိုသတ်မှတ်လိုက်တော့ အမျိုးသမီးတွေအတွက် ပန်းတိုင်ကိုသိသိသာသာ ပိုပြီး မြင်သာစေတယ်”ဟု ပြောသည်။

မွန်ပြည်သစ်ပါတီဦးဆောင်သော အဆိုပါဆွေးနွေးပွဲ၌ အမျိုးသမီးကဏ္ဍ ဦးစားပေးဆွေးနွေးရခြင်းသည် မွန်ရေးရာကိစ္စရပ်များအတွက် မဟာဗျုဟာရေးဆွဲချမှတ်ရာတွင် အမျိုးသမီးများ၏ ပါဝင်ဦးဆောင်မှု မြှင့်တင်လာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များ၊ မွန်ညီညွတ်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မွန်ဇာတ်သဘင်အဖွဲ့၊ မွန်လူမှုအဖွဲ့အစည်းများနှင့် ရာမညရှေ့နေကွန်ယက်တို့က  မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ၂ ရက်တာ ဆွေးနွေးဆုံးဖြတ်ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...