နွေရာသီမွန်စာပေသင်တန်းတွင် ယောက်ျားလေးများ တစ်နှစ်ထက်တစ်နှစ်နည်းပါးလာ

နွေရာသီမွန်စာပေသင်တန်းတွင် ယောက်ျားလေးများ တစ်နှစ်ထက်တစ်နှစ်နည်းပါးလာ

နှစ်စဉ်ပုံမှန်သင်ကြားလာသော နွေရာသီမွန်စာပေသင်တန်းတွင် လူငယ်ယောက်ျားလေးများ ပိုမိုနည်းပါးလာသည်ကို တစ်နှစ်ထက်တစ်နှစ် တွေ့ရှိနေရကြောင်း (၂၀) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု ဆုပေးပွဲအခမ်းအနားတွင် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“နွေရာသီမွန်စာပေသင်ကြားတဲ့နေရာမှာ လူငယ်ယောက်ကျားလေးတွေ ပိုပြီးနည်းလာတယ်။ နှစ်တိုင်းလည်း နည်းနည်းလာတယ်။ မြို့နယ်တိုင်း၊ ရွာတိုင်းမှာ နည်းတယ်။နောက်ပြီး ဘယ်နေရာမှာပဲ ကြည့်ကြည့် နည်းတယ်။  ဒီမွန်ဒေသလုံးဆိုင်ရာ စာမေးပွဲမှာ ဝင်ဖြေနေတာ ယောက်ကျားလေးတွေ နည်းနေတယ်ဆိုတာကို တွေ့နိုင်တယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြို့နယ်နှင့် ကျေးရွာရှိ အဖွဲ့အစည်းများက တာဝန်ရှိသည့်အပြင် လူကြီးမိဘများတွင်လည်း တာဝန်ရှိကြောင်း လူငယ်များသည် မိမိတို့ လူမျိုးအတွက် ကာကွယ်စောင့်ရှောက်နိုင်ရန် နွေရာသီမွန်စာပေသင်တန်းကို တက်ရောက်သင်ကြားသင့်ကြောင်း ၎င်းက ဆိုသည်။

“နောက်ပြီးတော့ နွေရာသီမွန်စာပေကို သုံးတန်းနဲ့ လေးတန်းပြီးရင် မတက်နိုင်တာများတယ်။ ဘာကြောင့်လဲဆိုရင် ကျူရှင်တက်ရတဲ့အတွက် ဒီနွေရာသီမွန်စာကို မသင်ရဘူး။ အဲဒီတော့ မွန်စာကို ၁၂ တန်းအထိတက်ရောက်နိုင်ဖို့ မိဘတွေမှာ တာဝန်ရှိတယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

ထို့အတူ မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် စက်မှုလက်မှုကဏ္ဍများ တိုးတက်ခဲ့သည့် ဖြစ်စဉ်များကို အင်္ဂလိပ်လူမျိုးတို့က စာပေဖြင့်ရေးသားထားပြီး ယင်းဖြစ်စဉ်များသည် ယခုအခါ မွန်လူမျိုးများအတွက် ပုံပြင်တစ်ခုလိုသာ ရှိတော့ကြောင်း မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ(သံဃာ) ဘဒ္ဒန္တကေတုမာလာက မိန့်ကြားသည်။

မိမိလူမျိုးတို့၏ အမျိုးသားရေးလက္ခဏာများ ဖော်ထုတ်နိုင်ရန်နှင့် တိုးတက်စေရေးအတွက် ပညာရေးကို ဦးစားပေးလေ့လာသင်ယူကြရန်နှင့် မွန်စာပေဖြင့် မွန်သမိုင်းများကို လေ့လာထားရန် လိုအပ်ကြောင်း ဆရာတော် ဘဒ္ဒန္တကေတုမာလာက ဆက်လက်မိန့်ကြားသည်။

နောင်နှစ်တွင် ကျရောက်မည့် (၂၁) ကြိမ်မြောက်မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု ဆုပေးပွဲအခမ်းအနားကို မည်သည့်မြို့နယ်တွင် ကျင်းပသွားမည်ကို မသတ်မှတ်ရသေးသော်လည်း (၂၂) ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားကို ဘီးလူကျွန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့၊ တောင်ပေါ်တန်း မွန်သာသနာ့ဗိမာန်တော် ၂၅၀၀ ၌ မေလ ၂၁ ရက်နေ့က ကျင်းပသည့် (၂၀) ကြိမ်မြောက် နွေရာသီ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် ကျောင်းသား ၁၄၃၀ ဦးတိတိ ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၁၇၀ ဦးအောင်မြင်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို မေလ ၂၈ ရက်က ရေးမြို့နယ်၊ အဘော်ကျေးရွာရှိ ရာမညနိကာယကျောင်းကြီးတွင် ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

Photo-(၂၀) ကြိမ်မြောက် နွေရာသီမွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုဆုံပေးပွဲအခမ်းအနား(MNA)

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...