ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ကျေးရွာပေါင်း ၂၀ ကျော်ခန့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယခု မေလဆန်းပိုင်းကလည်း ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်းချောင်းရိုးတစ်လျှောက်ရှိ တိုင်းရင်းသား ကျေးရွာများဖြစ်သော ပြင်ချောင်း၊ မြိုမချောင်း၊ ဈီးရွာ စသည့် ကျေးရွာများသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာသဖြင့် ရွာလုံးကျွတ်တိမ်းရှောင်လာကြသည်။
“ကျွန်မတို့က တိုင်းပြည် အခြေအနေမကောင်းဘူး။ ရသေ့တောင်ကျောက်တန်းမှာ ပစ်ကြတယ် သတင်းကြားလို့ ကျွန်မတို့လည်း တပ်ကလာရင် ဒီလိုဖြစ်မလားလို့ ကြောက်လို့လာခဲ့ကြတာပါ” ဟု ပြင်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက DMG ကို ပြောသည်။
၎င်းတို့မှာ ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ပြီး ကျေးရွာ၌ လူကြီးအနည်းငယ်သာ ရွာစောင့်အဖြစ် ကျန်ရှိခဲ့ကြောင်း ဆိုသည်။
တိမ်းရှောင်လာသည့် ကျေးရွာများမှာ တပ်မတော်စစ်ကြောင်းများ ဝင်လာသဖြင့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်ကြသောကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်လာကြခြင်းဖြစ်သည်။
“သူတို့ဝင်လာတဲ့အသံကြားတာနဲ့ ကျွန်တော်တို့ အနီးအနားက ရွာတွေကသတင်းရတယ်။ အဲဒီမှာ ကျွန်တော်တို့ ကိုယ်နည်းကိုယ့်ဟန်နဲ့ လှေတွေငှားပြီး ကြာညိုပြင်ကို ဆင်းလာပါတယ်။ သူတို့က မနက်မှ ကျွန်တော်တို့ရွာကို ရောက်တယ်လို့ ကြားတယ်။” ပြင်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
တိမ်းရှောင်လာကြသူများမှာ ကြာညိုပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဘူးသီးတောင်မြို့ ဇေယျာရာမ ကျောင်းတိုက်တို့တွင် ခိုလှုံနေကြပြီး ကြာညိုပြင်ကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ယခုရက်ပိုင်းအတွင်းက ရောက်ရှိလာကာ ဘုန်းတော်ကြီးကျောင်း၌ နေထိုင်လျက်ရှိပြီး ဖုန်းများကို သိမ်းထားခြင်း၊ ကျေးရွာသားများကို စစ်ဆေးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ကြောင်း DMG ၏ သတင်းရပ်ဝန်းများက အတည်ပြုပြောဆိုကြသည်။
“သူတို့ကဘာမှတော့ မလုပ်ဘူး။ ဘုန်းကြီးကျောင်းမှာ နေကြတယ်။ အပြင်ကိုထွက်ရင်လည်း သတင်းပို့ရတယ်။ ဖုန်းတွေကိုလည်း ဝှက်ထားရတယ်။ ဖုန်းတွေကို မရှိလို့ပြောရင် ဖုန်းခေါ်တာနဲ့ မလွယ်ဘူးဆိုပြီးတော့ ပြောတယ်။ ဘာမှကြောက်စရာတော့ မလိုဘူးလို့တော့ပြောတယ်။ စစ်တာကတော့ ဖုန်းတွေသိမ်းတယ်။ နောက်မိသားစုတွေ ဘယ်လောက်ပါတယ်မေးတယ်။ ကျန်တဲ့လူတွေကို ဓာတ်ပုံရိုက်တယ်။ ရွာထဲမှာလဲ အဲဒီလိုလုပ်တယ်” ဟု အမည်မဖော်လိုသူတစ်ဦးက DMG ကို ပြောဆိုသည်။
ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကျေးရွာတစ်ချို့သို့ အကူညီသွားပေးမည့် အဖွဲ့အစည်းတစ်ချို့ကို တပ်က တားဆီးထားသည်ဟု ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။
တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများမှာ စိုင်းဒင်ချောင်းရိုးသာမက သရက်ပြင်၊ စည်တောင်၊ စံဂိုးတောင်၊ သျှစ်ရှားတောင်၊ နွားရုံတောင်၊ ဥယျာဉ်သာ၊ ကွမ်းတောင်၊ စပါးထား၊ စည်တောင်၊ ကံပြင် ၊ သိုင်းတပုတ်၊ ကျောက်ပြင်ဆိပ်၊ မြိုမချောင်း၊ ပြင်ချောင်း၊ ဇီးရွာ၊ သင်္ဘောကိုင်း အပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးခန့်ရှိကြောင်း ဆိုသည်။
ယင်းအပြင် တိမ်းရှောင်လာသူတစ်ချို့မှာ စားဝတ်နေရေအခက်အခဲများ ရှိနေသလို၊ မိမိတို့ရပ်ရွာများသို့ပြန်ရန်လည်း အခက်အခဲရှိနေသဖြင့် ကလေးငယ်များ၏ ပညာရေးပိုင်းတွင် ကျောင်းထွက်လက်မှတ်များ ယူဆောင်ရန် အခက်အခဲများရှိနေပြီး ဆရာဆရာမများမှာလည်း ၎င်းတို့ကျေးရွာများသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် အဆင်မပြေကြသည့်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း ဘူးသီးတောင်မြို့ ဇေယျာရာမကျောင်းတိုက် ဆရာတော်က DMG ကို မိန့်ကြားသည်။
ကျေးရွာအတွင်း ပြင်ချောင်း၊ မြိုမချောင်း၊ ဥယာဉ်သာ ကျေးရွာများမှ တိမ်းရှောင်သူများ ရောက်ရှိနေသည်မှာ မှန်ကန်သော်လည်း တပ်မတော်မှ တပ်စွဲထားသည့် ကြာညိုပြင် ဘုန်းတော်ကြီးကျောင်းအခြေအနေ၊ ကျေးရွာအခြေအနေများကို သိရှိနိုင်ရန် ကြာညိုပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား DMG မှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိစ္စများကို ဖြေဆိုရန် ငြင်းဆိုခဲ့သည်။







