ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွန်ညီညွတ်ရေးပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုပြီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွန်ညီညွတ်ရေးပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုပြီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွန်ညီညွတ်ရေးပါတီ တည်ထောင်ဖွဲ့စည်းခွင့်ပြုကြောင်း ယနေ့တွင် အကြောင်းကြားစာပေးပို့ခဲ့သည်ဟု ပါတီ၏ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒီနေ့ညနေ ၄ နာရီမတိုင်ခင်လောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ပါတီဗဟိုဌာနချုပ်ကို အီးမေးလ်နဲ့အကြောင်းကြားလာတယ်၊ မွန်ညီညွတ်ရေးပါတီတည်ထောင်ဖွဲ့စည်းခွင့် အကြောင်းကြားစာ ပေးပို့လာတယ်၊ မူရင်းစာကိုတော့ စာတိုက်ကနေပေးပို့ထားပြီးလို့ ဆိုတယ်” ဟု နိုင်လယိတမက ဆိုသည်။

၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စုံညီအစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၉) က လိုအပ်သည်များကို စိစစ်ပြီးဖြစ်၍ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီ Mon National Party ပူးပေါင်း၍ မွန်ညီညွတ်ရေးပါတီ Mon Unity Party အဖြစ် တည်ထောင်ဖွဲ့စည်းခွင်ပြုရန် လျှောက်ထားချက်ကို ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။

နိုင်လယိတမက “ နိုင်ငံရေးပါတီဥပဒေအရဆိုလို့ရှိရင် ပေါင်းစည်းခွင့်ရပြီးရင် တစ်လအတောအတွင်းမှာ ပါတီမှတ်ပုံတင်ခွင့် နောက်ထပ်တဖန် လျှောက်တင်ဖို့လိုအပ်ပါတယ်၊ ဒီအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေလည်း ကျနော်တို့မှာ အဆင်သင့်ရှိပါတယ်၊ မကြာခင်ရက်ပိုင်းမှာ တင်ဖြစ်ပါမယ်” ဟု ဆက်ပြောသည်။

သို့ရာတွင် မွန်ညီညွတ်ရေးပါတီပေါင်းစည်းခွင့် ကြန့်ကြာခဲ့သည့်အတွက် ပါတီလုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေးလျှက်ရှိကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး (၂) နိုင်စံတင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

မွန်အမျိုးသားပါတီ MNP၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP၊ မွန်ကိုယ်စားပြုပါတီ တည်ထောင်လိုသူများနှင့် အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများဖြင့် လက်ရှိပေါင်းစပ်ဖွဲ့စည်းထားသည့် မွန်ညီညွတ်ရေးပါတီတွင် ဗဟိုကော်မတီဝင် စုစုပေါင်း ၁၄၀ ဦးရွေးချယ်ထားကြောင်း သိရသည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...