မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာအနီး ဧပြီလ ၂၁ ရက်နေ့က မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ် ပွားခဲ့ရာ ၎င်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မောရဝတီ ကျေးရွာသားနှစ်ဦးတို့ကို သံသယဖြင့်ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးခံထားရသည့် ကိုကျော်သိန်း ၂၆ နှစ်နှင့် ကိုနိုင်ကျော်လင်း ၁၈ နှစ်တို့နှစ်ဦး အနက် ကိုနိုင်ကျော်လင်းအားပြန်လွှတ်ပေးခဲ့သည်။ ကိုကျော်သိန်းကိုမူ ဆက်လက် စစ်ဆေးမေးမြန်းခဲ့ပြီး AA အဖွဲ့ဝင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဧပြီလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းနောက် ကိုကျော်သိန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က) ၁ ဖြင့်အမှုဖွင့်လှစ်ကာ မောင်တောမြို့နယ်တရားရုံးမှ ဧပြီလ ၂၃ ရက်နေ့တွင် ချုပ်ရမန်ယူခဲ့ကြောင်း ကိုကျော်သိန်း၏ဖခင် ဦးထွန်းလှဦးက ပြောသည်။
“ဧပြီ ၂၃ နေ့မှာ နခခ ၄ စခန်းကခေါ်လို့ ကျနော်သွားတော့တယ်။ အဲဒီမှာ ကျနော့်သားကို မောင်တောမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့တယ်။ မေလ ၆ ရက်နေ့ကို ထပ်ပြီးချိန်းလိုက်ပါတယ်” ဟု ဦးထွန်းလှဦးက ပြောသည်။
ကိုကျော်သိန်းအား ဖမ်းဆီးပြီးနောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ နေအိမ်သို့ လာရောက်ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ထိုသို့ရှာဖွေရာတွင် အသိသက်သေအဖြစ် ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း မပါဝင်ကြောင်း ကိုကျော်သိန်း၏မိခင် ဒေါ်အဒုံခိုင်က ဆိုသည်။
“စခန်းမှာ ကျွန်မသားလေးကိုတွေ့တော့ မျက်နှာတွေဖူးရောင်နေတာတွေ့တယ်၊ ဘယ်လောက်ရိုက်ပုတ်ထားကြလဲမသိဘူး။ နောက်ပြီး လက်ထိပ်ကို နောက်ပြန်ခတ် ထားတယ်။ သွေးမလျှောက်လို့ လက်တွေထုံကျင်နေတယ်လို့ သားလေးကပြောတယ်” ဟု ဒေါ်အဒုံခိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ လခန့် ရှိလာနေပြီး အေအေအဖွဲ့အား မြန်မာနိုင်ငံအစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသည်။
ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်းတွင် ကျေးရွာများမှဒေသခံများကို မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်ဥပဒေတို့ဖြင့် တရားစွဲဆိုမှုမှာလည်း ဇများပြားလာနေသည်။







