ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးတွင် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ တပ်မတော်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေမှုကြောင့် ရွာသူ၊ရွာသားများထွက်ပြေးလာကြရာ လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အို ၅ ဦးနှင့် ရွာသားအချို့ကို ကျေးရွာအတွင်း ထားခဲ့ရကြောင်း ထွက်ပြေးလာသည့် ရွာသားများကပြောသည်။
ကျေးရွာအတွင်းကျန်ခဲ့သူများကို ခေါ်ဆောင်ရန် ဧပြီလ ၁၉ ရက် နေ့လည်ပိုင်းတွင် ဘူးသီးတောင် WDAB အဖွဲ့နှင့် မောင်တော ဂရုဏာကွန်ယက်အဖွဲ့တို့မှ သွားရောက်ခဲ့သော်လည်း သုံးဆယ့်တစ်ဘုံစေတီအနီးတွင် လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် လှည့်ပြန်ခဲ့ရသည်ဟု ၎င်းအဖွဲ့များကဆိုသည်။
သို့သော် ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နွားရုံတောင်ကျေးရွာအတွင်း ပိတ်မိနေသူများကို ကြက်ခြေနီအဖွဲ့မှ စတင်ကယ်ထုတ်နေကြခြင်းဖြစ်သည်။
“သက်ကြီးရွယ်အိုတွေကို စပြီးကယ်ထုတ်နေပါပြီ။ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ မနေ့က လက်နက်ကြီးတွေပစ်နေတဲ့အတွက် မကယ်ထုတ်နိုင်ခဲ့ပါဘူး။ ဒီနေ့တော့ ပစ်ခတ်တာမရှိသေးဘူး။ နောက်စံဂိုးတောင်ကျေးရွာနဲ့ ဥယျာဉ်သာကိုလည်း သွားရောက်ဖို့စီစဉ်မှာပါ ” ဟု ဘူးသီးတောင် မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းက ပြောသည်။
လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် နွားရုံတောင်ကျေးရွာအပါအဝင် ဥယျာဉ်သာကျေးရွာနှင့် စံဂိုးထောင်ကျေးရွာတို့မှ ရွာသားများမှာလည်း စစ်ဘေးရှောင်စခန်းများသို့ ထွက်ပြေးခိုလှုံလျှက်ရှိ ကြသည်။
အဆိုပါ ဥယျာဉ်သာကျေးရွာနှင့် စံဂိုးထောင်ကျေးရွာတို့တွင်လည်း သက်ကြီးရွယ်အိုများနှင့် ရွာသူရွာသားများ ပိတ်မိနေကြကြောင်း သိရသည်။
၎င်းကျေးရွာများအနီး လက်နက်ကြီးပစ်ခတ်နေမှုများနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား DMG မှ ဆက်သွယ်မေးမြန်းရာ ယခုရက်ပိုင်းအတွင်း အဆိုပါကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ပြောသည်။
“တိုက်ပွဲဖြစ်တာ ဘယ်နေရာမှာမှမရှိသေးပါ။ နွားရုံတောင်ကိစ္စကတော့မသိသေးပါဘူးခင်ဗျ။ သိရင် ပြောပေးပါမယ်” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။







