မြောက်ဦးအပါအဝင် မြို့နယ် (၅)ခုမှာ ညမထွက်ရအမိန့် ယနေ့စတင်

မြောက်ဦးအပါအဝင် မြို့နယ် (၅)ခုမှာ ညမထွက်ရအမိန့် ယနေ့စတင်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသော မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက DMG ကို အတည်ပြုပြောသည်။

ဇန်နလဝါရီလမှ မတ်လအတွင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ ရဲစခန်း၊ ရဲကင်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး၊ ဒဏ်ရာရရှိမှု၊ နိုင်ငံတော်ပိုင် အဆောက်အဦ၊ ယာဉ်များ၊ ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့ကြောင့် အဆိုပါနယ်မြေများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ကျဆင်းမှု မဖြစ်စေရေးနှင့် အုပ်ချုပ်ရေးယန္တရား ခိုင်မာစွာတည်ဆောက်နိုင်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညနေ ၉ နာရီမှ နံနက် ၅ နာရီ အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ခွင့်ပြုနိုင်ရန် တင်ပြလာခြင်းအပေါ် အတည်ပြုလိုက်သည်ဟု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် လက်မှတ်ရေးထိုး ထုတ်ပြန်သည့်စာတွင် ဖော်ပြထားသည်။

အဆိုပါ မြို့နယ် (၅)ခုမှာ ဧပြီလ ၂ ရက်နေ့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ဆောင်ရွက်သွားရန်လည်း ဗိုလ်မှူးကြီး ဖုန်းတင့်က စစ်တွေနှင့် မြောက်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ ယင်းမြို့နယ် ငါးခုက မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ကို ဧပြီလ ၁ ရက်နေ့က အကြောင်းကြားလိုက်သည်။

ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းအပေါ် အစိုးရလုပ်ရပ်ဖြစ်သောကြောင့် သဘောတူ၊ မတူ မပြောကြားလိုသော်လည်း ပြည်သူများကို ကျည်ထိမှန်မှုရှိသောကြောင့် ယင်းပြဿနာကို အစိုးရအနေနှင့် အဓိက ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ က ထောက်ပြသည်။

“ဒါပေမယ့် လက်ရှိမှာ ဖြစ်နေတာက ရပ်ရွာတွေမှာ အခြေပြုပြီးတော့ နေထိုင်တဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍပေါ့။ ပြည်သူတွေကို ပစ်ခတ်တဲ့အခါ ကျည်ဆန်တွေ၊ လက်နက်ကြီးတွေကျတယ်။ အဲဒီပြဿနာတွေကို အဓိက အစိုးရအနေနဲ့လည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မောင်တောဒေသတွင် ARSA အဖွဲ့က တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ညနေ ၁၀ နာရီမှ နံနက် ၅ နာရီအထိ လက်ရှိ အချိန်ထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်နေသောကြောင့် ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာမည့်အစီအစဉ် ဖြစ်ပေါ်လာမည်လားဟု ပြည်သူလူထုကြား စိုးရိမ်မှုများ ရှိခဲ့သော်လည်း စစ်အုပ်ချုပ်ရေးကြေငြာရန် အစီအစဉ်မရှိသေးကြောင်း အစိုးရက ပြောကြားထားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...